Tuesday, July 17, 2012

Novel

ဆားတစ်တို့


မှတ်ပုံတင် သက်တမ်း နှစ်နှစ်ဆယ်၊ သုံးဆယ်၊ လေးဆယ် ရှိပြီဖြစ်သော ယာဉ်အို ယာဉ်ဟောင်းများကို ဖျက်သိမ်းပြီး မော်တော်ယာဉ် အသစ်များ တင်သွင်းခွင့် ပါမစ် ထုတ်ပေးမည်ဟု သက်ဆိုင်ရာမှ ကြေညာသည်။

ကားလောက သာမက တခြား စီးပွားရေး လုပ်ငန်း များကိုပါ ရိုက်ခတ် သွားသည်။ မော်ဒယ်လ်မြင့် ကားတွေ ဈေးပြုတ် ကျသွားသည်။ အောက်ကားလေးတွေ ဈေးမြောက်လာသည်။ အလယ် ကားပိုင်ရှင်တွေကတော့ ထိုင်ငိုရမလို၊ ထပဲ ကရမလို အူလည်လည် ဖြစ်ကုန်ကြ၏။


ဘာမဆို ဖြစ်သွားနိုင်တယ်ဟု ဆိုရိုးစကား ရှိသော ပရီမီယာလိဂ် ဘောလုံးပွဲ တွေလိုပါပဲ။ ဒီတစ်ပတ်တော့ အသင်းကြီးတွေ အခြေမလှဘဲ တန်းဆင်းဇုန်က အသင်းတွေ အောင်ပွဲ ခံကြသည်။ အောက်ကြေး စားတယ်ပဲ ဆိုပါတော့။ ဒိုင်ကြီးတွေ၊ ပွဲစားတွေကတော့ အေးဆေးပဲ။ (တချို့က tremy ပြောကြသေးသည်။ ဖိုးကပ်စ်တိုက် ပြီးသား ဆိုလားပဲ။)

ခုလို ရုတ်ရုတ်သဲသဲ ဖြစ်နေချိန် တစ်ညမှာတော့ ဆရာ ချစ်ဦးညို ဖုန်းလှမ်းဆက်သည်။“ပြောပါ ကိုကြီးညို”“ဒီလိုကွာ၊ ကိုယ်တစ်ခု စဉ်းစားမိလို့၊ သက်တမ်း ရင့်နေတဲ့ ကားအို ကားဟောင်း တွေလိုပဲ၊ အိမ်ထောင်သက် အနှစ် နှစ်ဆယ်ကျော်တဲ့ မိန်းမဟောင်းတွေကိုလည်း သက်ဆိုင်ရာ သွားအပ်ပြီး အသက်အစိတ်ထက် မပိုတဲ့ မော်ဒယ်သစ်ကလေးတွေနဲ့ လဲယူခွင့် ပါမစ် ပြန်ထုတ်ပေးရင် သိပ်ကောင်းမှာပဲလို့”


ဒီလူကြီး ဒါမျိုး ကြံစည် နေတာကြာပြီ။ ဆူဆူညံညံ အသံတွေ၊ သီချင်း ဆိုသံတွေကို ဖုန်းထဲမှ ကြားနေရသဖြင့် ကာရာအိုကေ ဘားကနေ လှမ်းဆက်ခြင်းဖြစ်ကြောင်း သိသာ၏။ ခပ်ထွေထွေနဲ့မို့ သူ့အတွင်းစိတ်ထဲက ဆန္ဒမှန်တွေ ပွင့်အန် ထွက်လာခြင်း ဖြစ်မည်။


“ဒါဆို အပျိုဟိုင်းကြီး တွေကျတော့ ဘယ့်နှယ် လုပ်မလဲဗျ”ဟု ကျွန်တော်က ဆွပေးလိုက်တော့“ဟာ- သုံးမရတဲ့ ဒီ အော်ဆွေးကြီးတွေကတော့ သံရည်ကျိုစက် ပို့ပစ်လိုက်တာပဲ ကောင်းတယ်”


သူပြောတဲ့အတိုင်း ဖြစ်လာရင်တော့ အပျိုကြီးတွေ ဖြစ်တဲ့ ဂျူး၊ ရာသက်ပန် (တောင်ငူဆောင်)၊ ဇွန်ပွင့်၊ မြူမြူ၊ ၀င်းဝင်းမြင့် (နန်း တော်ရှေ့)တို့တော့ ဒုက္ခပဲ။ ထို့အတူ ဆေးမန်းက ဆရာမ အပျိုကြီးတွေ အတွက်လည်း မဆီမဆိုင် လှမ်းစိတ်ပူ လိုက်မိသေးသည်။ ကျွန်တော်လည်း နောက်ချင်ပြောင်ချင် စိတ်ပေါ်လာသဖြင့် ရာသက် ပန်ဆီ ဖုန်းဆက်ပြီး ပြောပြ လိုက်သောအခါ သူက-“အမယ်၊ ကိုယ်တွေက အိုးမော်ဒယ် ဆိုပေမယ့် ယာယီ နံပါတ်ပဲ ရှိသေးတာပါနော်”အမှန်ကတော့ ၀ယ်မယ့် လူမရှိလို့ ရှိုးရွမ်းမှာ ငုတ်တုတ် ကြီး ကျန်ခဲ့တဲ့ မော်ဒယ်မျိုး ဖြစ်မှပါ။ ပြောရင်းဆိုရင်းနဲ့ တစ် ခု သွားသတိရပြန်ပြီ။ 



ဟိုတစ်လောက ရုပ်ရှင် သရုပ်ဆောင် ကျော်သူနဲ့ ရွှေဇီးကွက်တို့ရဲ့ အနှစ်သုံးဆယ်မြောက် မင်္ဂလာ အမှတ်တရ အခမ်းအနားကို ကျင်းပသွားသေးသည်။သူတို့လည်း အိမ်ထောင်သက် နှစ်သုံးဆယ် ကျော်ပြီပေါ့။ သို့ရာတွင် ကိုကျော်သူ အနေဖြင့် ပါမစ်အသစ် တစ်စောင် ရဖို့ မျှော်လင့်ချက်တော့ မရှိနိုင်။ ရွှေဇီးကွက် ဆိုတာက သက်တမ်းရင့်လေ တန်ဖိုး တက်လေဆိုတဲ့ ရိုးစ်ရွိုက်လို၊ မာစီဒီးလိုမျိုး မဟုတ်လား။ (ကိုမောင်မောင်အတွက် စိတ်မကောင်းပါဘူး။)

ကျွန်တော်က ခုလို ပေါက်ကရတွေ လျှောက်ပြော၊ သူတို့ကို သံရည်ကျို စက်ပို့မယ် ခြိမ်းခြောက်တာ ကို ရာသက်ပန်က သူ့ အပေါင်းအသင်း SPICE GIRLS အဖွဲ့ကို ပြန်တိုင်သည်။ (SPICE = မဆလာ) တခြားလူတွေက ရယ်နေကြသော်လည်း ကံ့ကော် ၀တ်ရည်စာပေမှ ကက်ကက်လန် မ၀ိုင်းကတော့ ထုံးစံ အတိုင်း-“ဟင်း- ဒါဆို သူ့မိန်းမ ကျတော့ကော”ဟု ပြန်ပက်သည်။သူပြောတာ မှန်ပါသည်။ ကျွန်တော့် မိန်းမ သည်လည်း သက်တမ်းလွန် ယာဉ်အိုယာဉ်ဟောင်း စာရင်း ထဲ ၀င်နေပါပြီ။ သူ့ကို တန်ဖိုး ကြီး ကမ္ဘာကျော် ထိပ်တန်း ကားတွေနဲ့တော့ မတင်စားဝံ့ပါ။ ဒုတိယကမ္ဘာစစ် လက်ကျန် ဗိုက်ပူ ဘတ်စ်ကားကြီးနဲ့သာ ခိုင်းနှိုင်းချင်သည်။ ကျွန်တော်တို့ ကလေးဘ၀ ဟိုနားဒီနား ငါးပြားပေးရတဲ့ ခေတ်ကနေ ခရီးတစ်ဖြတ် ငါးဆယ်ကျပ်ဆိုသော ဒီနေ့ ကာလအထိ သစ္စာရှိရှိ အသုံး တော်ခံခဲ့တဲ့ ကားကြီးတွေ ပေါ့။ ဇိမ်မကျပေမယ့် လုံခြုံ စိတ်ချရသည်။ ကုန်ကျစရိတ် သက်သာသည်။ (မီးခိုးတော့ နည်းနည်း လိုက်နေပြီပေါ့။ ဒါပေမဲ့ အင်ဂျင်ဝိုင်လေး မှန်မှန် ထည့်ပေးထားရင် ခုချိန် ထိ “ဒေါက်ဝူး”ပါပဲ။)


ကျွန်တော်ကတော့ အိမ်က ဗိုက်ပူကြီးကို သက်ဆိုင်ရာသို့လည်း မအပ်နိုင်၊ သံရည် ကျိုစက်ကိုလည်း မပို့ရက်၊ ပါမစ်လည်း မလိုချင်။ တကယ်လို့ လုံးဝ မောင်းနှင်ခွင့် မရှိတော့ဘူး ဆိုလျှင်လည်း ဂိုဒေါင်ထဲ ထည့်ပြီး အမှတ်တရ သိမ်းထားလိုက်တော့မည်။


တပ်မတော်သားတွေဟာ လက်နက်ကို ကိုယ်နဲ့ မကွာ အမြဲတမ်း ရှိနေစေရ သည်။ ဘယ်လို အကြောင်း ကြောင့်နဲ့မှ မစွန့်ပစ်ရ။ ရန်သူ့ လက်မပါစေရ။ အသက်နဲ့ လဲပြီး ကာကွယ်ရမည်။ ထို့ ကြောင့် “ငါသေမှ ငါ့လက် နက်ကို ရမည်” ဆိုသော ဆောင်ပုဒ်ကို ကိုင်စွဲထားကြ ရ၏။ကျွန်တော်လည်း ဒီလို ပါပဲ။“ငါသေမှ ငါ့မိန်းမကို ရမည်”မိန်းမတစ်ယောက် ဟင်းချက်ကောင်းခြင်းသည် အိမ်ထောင်တစ်ခု သာယာ တည်ငြိမ် ခိုင်မြဲရေးအတွက် အဓိက အချက်ပဲလို့တော့ မပြောနိုင်။ သို့ရာတွင် အရေး ပါသော အခန်းကဏ္ဍမှ အထောက်အကူ ပြုသည်ဟု ထင်၏။


သမီးရည်းစား ဘ၀ မှာ- “ချစ်က ထမင်းဟင်း မချက်တတ်ဘူးနော်”ဆိုလည်းရတယ်။ အမေ ချက်ကျွေးလိမ့်မယ်။ ညားခါ စမှာလည်း အရေးမကြီးသေး။“ချစ်ရဲ့ လက်ရာဆိုရင် ကောက်ရိုးကို ဆီချက်ခေါက်ဆွဲ လုပ်ကျွေးရင်တောင် တစ်သက်လုံး စားနိုင်ပါတယ်”လို့ဆိုခဲ့ပြီး အိမ်ထောင် သက်ကလေး ရလာတော့မှ ပူညံပူညံ ဖြစ်တော့တာ။ယောက်ျားများဟာ ထမင်းဆာလျှင် စိတ်တိုတတ်သည်။ ဒီကြားထဲကမှ ဟင်းကလည်း မကောင်း၊ လက်ရာကလည်း ညံ့နေလျှင် ဒေါသ ပေါက်ကွဲတော့တာပဲ။ လင်မယားတွေ ရန်ဖြစ်ကြရတဲ့ အကြောင်ရင်းတွေထဲမှာ ထမင်း၊ ဟင်းကိစ္စက အကြိမ် အများဆုံးတောင် ဖြစ်နိုင်သည်။


ဆိုင်မှာ ၀ယ်စားလည်း ရတာပဲဟု စောဒက တက်စရာ ရှိ၏။ သို့ရာတွင် ခံစားမှုချင်း မတူကြောင်း ဆိုင်ထမင်း ဟင်းစားနေကျ လူတွေ သိလိမ့်မည်။ ဘယ်လောက် စားကောင်းတဲ့ ဆိုင်ပဲဖြစ်ဖြစ်၊ ဘယ်သူချက်တာလဲ ဆိုတာ မသိရ။ တစ်နည်းအားဖြင့် သူစိမ်းတစ်ယောက် ချက်တဲ့ ထမင်းဟင်းကို စားရတာ။ ဆိုင်က ၀န်ထမ်းတွေ ဆိုတာကလည်း တာဝန် အရသာ ဧည့်ဝတ် ကျေနေရတာ။ တကယ့်နွေးထွေးမှု အစစ် မဟုတ်။ စားလို့ပြီးရင် ငွေ ရှင်းရမည်။ အပေးအယူ သဘော။ ပြီးတော့ ထပြန်ပေတော့။ အိမ်မှာလို ပက်လက် ကုလားထိုင်လေးပေါ် ထိုင်ရင်း ထမင်းလုံးစီလို့ မရ။ တစ်မှေးမှေးလို့ မဖြစ်။ ဆိုင်က ထမင်းဝိုင်းသည် အလုပ် သဘောဆန်သည်။ ၀ိညာဉ် ကင်းမဲ့နေ၏။


ထမင်းဟင်း ကိစ္စသည် အိမ်ထောင်သက် ရင့်လာလေ ပိုအရေး ပါလာလေပင် ဖြစ်၏။ မိန်းမတစ်ယောက်ဟာ ဘယ်လောက်ပဲလှလှ တစ်အိမ်ထဲမှာ ကြာကြာနေရင် ရိုးသွားမှာပဲ။ အလှအပ ဆို တာကလည်း အသက် ကြီးလာရင် ပျက်စီးမှာပဲ။ ကိုယ်လုံးကိုယ်ပေါက်တွေ၊ အသား အရေ စိုပြည်ချောမွေ့မှုတွေကလည်း အရွယ်နဲ့ အမျှ ယိုယွင်း လာမှာပဲ။ ဟင်းချက်ကောင်း တယ်ဆိုတဲ့ အရည်အချင်းကတော့ ဘယ်တော့မှ ယုတ်လျော့ ပြောင်းလဲသွားမှာ မဟုတ်။ လေးဆယ်ကျော် လည်း ဒီလက်ရာပဲ။ ငါးဆယ်၊ ခုနစ်ဆယ်၊ ရှစ်ဆယ်လည်း ဒီလက်ရာပဲ။ အချိန် ကြာလာတာနဲ့ အမျှ ကိုယ့် ယောက်ျားရဲ့ အကြိုက်ကို ပိုတောင် သိလာသေးသည်။ခုလို နိဒါန်းရှည်ကြီး ချီနေပြီ ဆိုကတည်းက ကျွန်တော် ဘယ်အချိုး ချိုးတော့မယ် ဆိုတာ စာနယ်ဇင်း ဆရာကြီးများ သိပြီးဖြစ်တဲ့ အတိုင်းပါပဲ။ ဟုတ်။ ကျွန်တော့် မိန်းမ ဟင်းချက်ကောင်းကြောင်း ပြောမလို့ပါ။


ကျွန်တော် သူ့ကို ချစ်ခဲ့တာ ဟင်းချက်ကောင်းကြောင်း ကြိုသိလို့ မဟုတ်။ တခြား ယောက်ျားလေးတွေလိုပဲ ဒီကောင်မလေး မဆိုးဘူး၊ လှတယ်ဆိုပြီး ချစ်ခဲ့ခြင်းသာ ဖြစ်၏။ ကြိုက်ခါစတုန်းကဆို သူ့ရဲ့ ခေတ်မီ ၀တ်စားဆင် ယင်ပုံကိုကြည့်ပြီး ထမင်းအိုး တစ်လုံးတောင် ဖြောင့်အောင် တည်နိုင်ပါ့မလား မသိဘူးဟု အထင် သေးမိသေးသည်။ နောက်ပိုင်း သူတို့အိမ် သွားလည်ရင်း သူ့လက်ရာကို စား ရတော့မှ ငါတော့ ဒီတောင်က မကျော်နိုင်တော့ဘူးလို့ ၀န်ခံလိုက်ရတာ။


သူအလုပ် ရပြီးနောက် ညနေ ရုံးဆင်းချိန်မှာ သွားကြိုသည်။ လော်ကယ် ရထားစီးသည်။ ဘူတာဈေး ကလေးမှာ သားငါး၊ ဟင်းသီးဟင်း ရွက် ၀ယ်သည်။ သူ့အိမ်သို့ လိုက်သွားသည်။ သူဟင်း ချက်နေချိန်မှာ ကျွန်တော်က ငရုတ်သီး ထောင်းပေးသလိုလို၊ ဘာလိုလိုလုပ်ရင်း စကား ပြောသည်။ ပြီးတော့ ထမင်း တူတူစားကြသည်။ တစ်ပတ်မှာ သုံး၊ လေးရက်တော့ သူတို့ အိမ်မှာ ညနေစာ စားဖြစ်၏။


ကျွန်တော်တို့ အမေ ပြောဖူးတာ ရှိသည်။“မင်းတို့နော်၊ ခုချိန်မှာတော့ အမေ ကောင်းကောင်း ချက်ကျွေးမယ်၊ အိမ်ထောင် ကျပြီးလို့ ထမင်းဟင်း ကောင်းကောင်း မချက်တတ်တဲ့ မိန်းမမျိုးနဲ့ တွေ့ရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ။ အဲဒီ အခါကျတော့ မင်းတို့ မိန်းမ တွေက မင်းတို့ကို ချီးလေးနဲ့ ပဲကျွေးကျွေး၊ အမေ ဘာမှ ၀င်စွက်ဖက်မှာ မဟုတ်ဘူး”ကျွန်တော်က ဒီစကား ကို မှတ်ထားသည်။ တစ်ရက်မှာ ရည်းစားအိမ်မှာ ညနေစာ စားပြီးမှ ပြန်လာတော့ အမေ က-“ထမင်းစားတော့ မလား”“ဟိုအိမ်က စားလာခဲ့ပြီ”“ဘာဟင်းများ ချက် ကျွေးလိုက်သလဲ”မေးတော့ ကျွန်တော် က-“ချီးနဲ့ ကျွေးလိုက်တယ် အမေ”ဟု ဖြေသောအခါ အမေ က မျက်စောင်းထိုးသည်။ ကျွန်တော်တို့ လက်ထပ်ပြီး မိန်းမက အိမ်ကိုရောက်လာ၊ တစ်အိုးတည်း စားကြတဲ့ အခါကျမှ အမေ ကိုယ်တိုင်က သူ့လက်ရာကို ခံတွင်းတွေ့ သွားသည်။ ဟိုဟာလေး ချက်ကျွေးစမ်းပါဦး၊ ဒီဟာလေး မစားရတာ ကြာပြီဆိုပြီး တောင်းဆိုတတ်လာသည်။ မကြာခဏ ဆိုသလို သူတို့ နှစ်ယောက် အပြန်အလှန် နည်းပညာ ဖလှယ်ပြီး ပိုမို ကောင်းမွန်သော အစပ်အဟပ်တွေ ပူးပေါင်း တီထွင်ကြသေးသည်။


ဟင်းချက် ကောင်းတယ်ဆိုတာက ပစ္စည်းကောင်း သုံးနိုင်တာနဲ့လည်း မဆိုင်၊ အစပ်အဟပ် တည့်ဖို့၊ လက်အဆမှန်ဖို့ အပြင် စိတ်ရှည်ဖို့နှင့် အချက်အပြုတ် ၀ါသနာ ပါဖို့လည်း လိုသေးသည်။ ကျွန်တော့်မိန်းမ ဟင်း ချက်ကောင်းတယ် ဆိုတာ အဲဒါတွေကြောင့်ဟု ထင်သည်။ သူက သားကြီးငါး ကြီးမှ မဟုတ်။ အရံဟင်း လေးတွေကိုပါ စားကောင်းအောင် လုပ်တတ်သည်။ ခရမ်းချဉ်သီး ပန်ထွေဖျော်၊ ငရုတ်သီးစိမ်း ငါးပိချက်၊ မရန်းသီးထောင်း၊ ခရမ်းသီးနှင့် ကြက်ဥမွှေကြော်၊ ပုန်းရည်ကြီးသုပ် စသည်ဖြင့်။ သူနှင့်ပေါင်းပြီးမှ ကျွန်တော် ဘယ်တုံးကမှ မကြိုက်တတ်သော ကြက်ဟင်းခါးသီး ချက်ကိုတောင် မက်မက် မောမော စားတတ်လာသည်။


အသားငါးဟင်း ဆိုရင်တော့ ဘာပြောကောင်းမလဲ။ သူက ခြေလေးချောင်းသားကို ငယ်ငယ်ကတည်းက မစားဘဲ ရှောင်ခဲ့သူဖြစ်၏။ သို့ရာတွင် ကျွန်တော်တို့ စားဖို့တော့ ချက်ပေးသည်။ လုံးဝမြည်း မကြည့်ဘဲ အစပ်အဟပ် တည့်အောင် ချက်နိုင်တာ ပညာပဲ။


သူ ချက်တဲ့ထဲမှာ ကျွန်တော့်ရဲ့ ဖေးဘရိတ်ကတော့ ၀က်သားနဲ့ မျှစ်ချဉ်ပေါ့။ သူက ၀က်သား မစားသဖြင့် မျှစ်ချဉ်ကို ငါးနှင့် အရင်ချက်သည်။ ကျက်ပြီဆိုမှ အိုးခွဲပြီး ၀က်သုံးထပ်သားကိုထည့်၊ မီးမျှဉ်းမျှဉ်းနဲ့ ပြန်တည်။ ငါးနဲ့ ၀က်အရသာ နှစ်မျိုးပေါင်းတော့ ဘာပြောကောင်းမလဲ။ တစ်ခါတလေ ၀က်ဆီဖတ် ထည့်သည်။ ကျွန်တော်ကလည်း ၀က်သားနဲ့ မျှစ်ချဉ်ဆိုလျှင် နောက်တစ်နေ့ကျမှ ဆေးရုံတက်ရင် တက်ရပစေ။ လောလောဆယ်တော့ တ၀ကြီး ကိုင်ပစ်လိုက်တာပဲ။သူက ထမင်းဟင်းပဲ ချက်တတ်တာ မဟုတ်။ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ လည်း ကောင်းကောင်းချက် တတ်သည်။ စားဖူးသူတွေက မုန့်ဟင်းခါးဆိုင် ဖွင့်ရင် လူကြိုက် များမှာပဲဟု ပြောကြ သည်။ သူသာ မုန့်ဟင်းခါး ဆိုင်ဖွင့်ဖြစ်လျှင် ရွှေဥတို့၊ မြောင်းမြ ဒေါ်ချိုတို့လို နာမည်ကြီးချင် ကြီးလာနိုင်သည်။ ကျွန်တော်လည်း စာတွေ တကုပ်ကုပ် မရေးရတော့ဘဲ ကောင်တာမှာ ငွေထိုင်သိမ်း ရုံဆိုရင် ဇိမ်ပဲ။


ခေါက်ဆွဲသုပ်၊ ကြာဆံကြော်၊ ထမင်းကြော်၊ ကော်ပြန့်စိမ်း ဆိုတာတွေက အိမ်မှာ အပျင်းပြေ လုပ်စားတာ။ စိတ် လိုလက်ရရှိတဲ့အခါ ငါးထမင်းချဉ် လုပ်ကျွေးသည်။ သူက ရှမ်းခေါက်ဆွဲတော့ ကိုယ်တိုင် တစ်ခါမှ မလုပ်ဖူးသေး။ ဒီတော့ ရှမ်းစာတွေ ရောင်းသော ကုန်ခြောက်ဆိုင်ကို သွားသည်။ ရှမ်းခေါက်ဆွဲ လုပ် နည်းမေးသည်။ ပစ္စည်းအစုံ ၀ယ်လာပြီး သူ့ဘာသာ လုပ်ကြည့်သည်။ သမီးတွေကရော သူတို့ သူငယ်ချင်းတွေ ကပါ စားကြည့်ပြီး ဆိုင်တွေမှာ စားရတာထက် ပိုကောင်းတယ်ဟု ထောက်ခံကြသည်။


မုန့်ဟင်းခါး ချက်စားတဲ့  အခါ အချိန်ရလျှင် ဘူးသီးကြော်၊ ကြက်သွန်ကြော် သူ့ ဘာသာကြော်သည်။ အပြင်က ၀ယ်စားတဲ့ ဗယာကြော်တွေ စားမကောင်းလို့ဆိုပြီး သူ့ဘာသာ ကြော်တတ်သေး သည်။ စားသောက်ဆိုင်တွေ က တမ်ပူရာကြော်ကို စားကြည့်၊ ဒါများ ဘာခက်လို့လဲ ဆိုပြီး အိမ်မှာ ကြော်ကျွေးသည်။ နာမည်ကြီး မစ္စတာ ဂစ်တာဆိုင်က လက်ရာကို မီသည်။ သူစပ်တဲ့ အချဉ်ရည်က ပိုကောင်းသေးသည်။ကျွန်တော်တို့ နှစ် ယောက်အတွက် အမှတ်တရ ဖြစ်စရာ ဟင်းတစ်မျိုး ရှိသေးသည်။ သမီးရည်းစား ဘ၀ တုန်းက ရုံးပိတ်ရက်တစ်ရက် မှာ သူတို့အိမ်သို့ ရောက်သွား သည်။ ထမင်းစားချိန် လွန် နေပြီ။“ထမင်းစား ပြီးပြီလား”သူက မေးသည်။ ကျွန်တော်က-“မစားရသေးဘူး။ ဒီ ရောက်မှ စားမယ်ဆိုပြီး”“အဲဒါမှ ဒုက္ခပဲ၊ ဟင်း တွေက အိမ်ကစားလို့ ကုန်ပြီ၊ ဘဲဥတော့ ရှိတယ်။ ကြော်ပေး ရမလား”


အမေ ချက်လေ့ရှိသော ဟင်းကို သွားသတိရသည်။ ဘဲဥ အချဉ်ဆီပြန် ဖြစ်၏။ ထူးခြားတာက ဘဲဥကို သမားရိုးကျအတိုင်း ပြုတ်ပြီး မှ ခြမ်းထည့်တာမျိုး မဟုတ်ဘဲ အလုံးလိုက် အစိမ်း အတိုင်း ဖောက်ထည့်ခြင်းဖြစ် ၏။ ဟပ်ဖရိုက်ပုံစံ အပြားလိုက် ဖြစ်သွားသည်။ ဘဲဥ ဖောက်ချက်ဟု ခေါ်သည်။ မြန်လည်းမြန်၊ လွယ်လည်း လွယ်သည်။ အရည်လေး အနှစ်လေးနဲ့ဆိုတော့ စားလို့ လည်း ကောင်းသည်။“အင်း- မဆိုးဘူး၊ စမ်း ကြည့်မယ်”ဆိုပြီး သူ ချက်တော့ သည်။ ပြီးတော့ မြည်းကြည့် ပြီး-“တစ်ခုခု လိုနေသလို ပဲ၊ ဟုတ်ပြီ”ဟင်းထဲကို ဂေါ်ရင်ဂျီ မဆလာ ဖြူးလိုက်သည်။ မွှေးတက်လာသည်။ ကဏန်း မဆလာချက်လို အရသာမျိုး။ သူချက်တာက အမေ့ဟင်း ထက်တောင် ပိုကောင်းသေး သည်။


တစ်ခါတော့ သူနှင့် ကျွန်တော် ကတောက်ကဆတ် ဖြစ်ကြသည်။(ကျွန်တော်က တစ်ဖက်သတ် ဖြစ်တာ။) သူကတော့ ဘာမှ ပြန်မပြောဘဲ သုန်သုန်မှုန်မှုန် ကြီးသာ လုပ်နေသည်။ ရုံးက အပြန် ခါတိုင်းလို ဘူတာဈေး မှာ သားငါး ၀င်မ၀ယ်တော့ဘဲ အိမ်ကိုသာ တန်းသွားသည်။


ကျွန်တော် စိတ်ဆိုးပြီး ဆက်မလိုက်ဘဲ လှည့်ပြန်ဖို့ စိတ်ကူးပြီးမှ သူတို့အိမ် အထိ ပါသွားသည်။ သူက နောက် ဖေးဘက် ၀င်သွားသည်။ ကျွန်တော်က ဧည့်ခန်းမှာ စူပုပ်ပုပ် မျက်နှာထားဖြင့် ငူငူ ကြီး ထိုင်နေသည်။ တော်တော်လေးကြာတော့ သူ ဧည့် ခန်းဝမှာ လာရပ်ပြီး-“ထမင်းစားမယ်”ဟု သံပြတ်ဖြင့် ပြော သည်။ ကျွန်တော် ခေါင်းခါ လိုက်၏။ သူ ပြန်ထွက်သွားသည်။ ခဏ အကြာမှာ-“ထမင်းခူးပြီးပြီ”ဟု လာပြောပြန်သည်။“မစားဘူး”ဟု ပြောမယ် ကြံသော်လည်း ဗိုက်က တော်တော် ဆာနေပြီ။ တာဝန် အရလိုလို၊ စိတ်မပါသလိုလို လုပ်ရင်း လိုက်သွားသည်။ ထမင်းစား ပွဲမှာထိုင်ပြီး ကြည့်လိုက်တော့ ဘဲဥ ဖောက်ချက်ဟင်း။ မဆ လာနံ့က ဝေ့ခနဲ ၀င်လာသည်။ သွားရည်တောင် ယိုချင်လာ၏။


ထမင်းတွေကို အကြောင်းမဲ့ လျှောက်ဖွရင်း အိုက်တင် ခံနေလိုက်သည်။ သူက ဟင်းခပ်ထည့်ပေးသည်။ ဆာနေလို့ပဲလားမသိ။ ဒီနေ့ ကျမှ ဟင်းက ပိုအရသာရှိနေ သည်။ ထမင်းတစ်ပန်းကန် ကုန်ပေမယ့် မ၀သေး။သူက-“ထမင်း”ဟု ပြောသောအခါ“တော်ပြီ”ဟု ပြောပြီးမှ ပန်းကန်ကို ရှေ့တိုးပေးမိ၏။ သူက ထမင်း ထပ်ထည့်ပေးသည်။ ဒုတိယပန်းကန် ကုန်ပေမယ့် အာသာမပြေသေး။ သူက အထာ ပေါက်သွားလို့လား၊ စားပြီး သွားလို့လား မသိ။ သူ့ ပန်းကန်ကိုယူပြီး ရှောင်ထွက် သွားသည်။ သူကျောပေးပြီး ပန်းကန် ဆေးနေတုန်း ထမင်း မြန်မြန် ထပ်ထည့်စားရသည်။ကျွန်တော်က အစားနည်းသူ ဖြစ်သည့်တိုင် ဒီနေ့တော့ ဗိုက်တင်းအောင် စားပစ်လိုက်သည်။ မဆလာ အရှိန်ကြောင့် ချွေးတွေလည်း ပြန်လာသည်။ စိတ်ဆိုးလည်း ပြေသွားပြီ။ ကျွန်တော် သူ့ ဘေးမှာ သွားထိုင်ပြီး လက်ဆေးရင်း-“စားလို့ ကောင်းလိုက် တာ”ဟု လေပြေထိုးလိုက်သည်။ သူက လှည့်မကြည့် ဘဲ-“ပုလင်းထဲမှာ ထန်းလျက်ရှိတယ်”ဟု ပြန်ပြောသည်။


ဒီနည်းဗျူဟာက တင်းမာမှု လျော့ပါးရေး အတွက် အလုပ်ဖြစ်ကြောင်း သူသိသွား ဟန်တူသည်။ နောင် နောင် ကျွန်တော် စိတ်ဆိုးနေတဲ့ အခါတိုင်း ဟင်းကောင်းကောင်းလေး ချက်ကျွေးတတ်တာ ခုထိပဲ။ ကျွန်တော်သည်လည်း တဖြည်းဖြည်း ပို၍ပို၍ ဒေါသကြီး တတ်လာလေတော့သည်။တစ်လောက သူ့ အစ်မ တစ်ယောက် အိမ်လာလည် သည်။ တခြား ကျွေးစရာ မရှိသဖြင့် မရန်းသီးမှည့်တွေ ချ ကျွေးသည်။ မရန်းသီးနဲ့ တို့စားလို့ ရအောင်ဆိုပြီး ကျွန်တော့် မိန်းမက ဆားရယ်၊ နွယ်ချို ရယ်၊ ငရုတ်သီးမှုန့်ရယ် ရောစပ်ပေးသည်။ သူ့အစ်မပြန်တော့ မရန်းသီးတွေ ထည့်ပေးသည်။ ကျန်တဲ့ ဆားတွေ ကိုပါ အိတ်ကလေးနှင့် ထည့်ပေးလိုက်သည်။


သူ့အစ်မ အိမ်ပြန်ရောက် တော့ ကလေးတွေက မရန်းသီးကို ဆားနှင့်တို့စားကြရင်း က သားအငယ်ကောင်က-“ဆားလေးက ကောင်းလိုက်တာ၊ ဘယ်က ၀ယ်လာ တာလဲ”မေးသည်။“အဲဒါ ၀ယ်လာတာ မဟုတ်ဘူး၊ နင့်အဒေါ် လုပ်ပေးလိုက်တာ”    ဆိုတော့ သားလုပ်တဲ့ လူက-“အန်တီတို့များ ဆားတောင် အရသာရှိအောင် လုပ်တတ်တယ်။ ဦးဦးက သိပ် ကံကောင်းတာပဲနော်”လို့ ပြန်ပြောသတဲ့။ကျွန်တော့် မိန်းမက ဒီအကြောင်းကို ဂုဏ်ယူသော လေသံဖြင့် ပြန်ပြောပြသည်။ ကျွန်တော် ပြုံးနေတော့ သူက-“မဟုတ်ဘူးလား”    ဟု ထပ်မေးသဖြင့်“အင်း- ဟုတ်ပါတယ်”ဆိုပြီး ခေါင်းညိတ်ပြ လိုက်ရသည်။ စိတ်ထဲက တော့-“အဲဒီ ဆားလေးတစ်တို့ ကို မြည်းခွင့်ရဖို့ ငါ့ဘက်က ဘယ်လောက်ထိ အရင်းအနှီး စိုက်ထုတ်ခဲ့ရသလဲ ဆိုတာကို တော့ သူတို့ မသိကြဘူးနော်”


မင်းလူ၁၁.၁၁.၁၁ သို့ အမှတ်တရ(ရွှေအမြုတေ မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၁




အလွမ်းရယ်တဲ့ ခုနစ်ထွေ


၁။
အဆိုတော်၊ ရုပ်ရှင်မင်းသား ကိုဇော်ဝမ်း ကွယ်လွန်တာ တစ်နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ညောင်ဦးက ကမ်းပါး ပြိုချိန်မှာ စမ္ပာနဂိုရ်က နွားမ ပေါင်ကျိုးတယ် လို့ပဲ တင်စားလိုက်ကြ ပါစို့။


ဒီလိုပါ။ ကိုဇော်ဝမ်း ကွယ်လွန်ချိန်က ကျွန်တော်တို့ ဗန်းမော်မြို့မှာ ဂယက် ရိုက်သွားခဲ့တဲ့ အဖြစ်အပျက် ကလေးက ကြားရတဲ့ သူတိုင်းကို ကရုဏာ သက်စေပါတယ်။


အေးလေ ဗန်းမော်မြို့က ကိုဇော်ဝမ်း ဆိုတဲ့ လူကလည်း လူသန်းပေါင်း မြောက်မြား စွာထဲက ထူးဆန်းတဲ့ လူတစ်ယောက် မဟုတ်လား။
၂။
“၀ယ်ကြပါလို့၊  ဖတ်ကြပါလို့၊ အားပေး ကြပါလို့၊ မြစ်ရေတွေ တက်လာပြီလို့၊ နန္ဒာလှိုင် ကလေး ရပြီတဲ့၊ သမီးလေးလို့၊ သူ့အမေ အတိုင်း လှတပတ လေးလို့၊ ထက်ထက်မိုးဦး စွံပြန်ပြီတဲ့၊ မန်ယူနဲ့ ချဲလ်ဆီး ဒီည ကန်ကြမယ်လို့၊ နာနတ်သီးတွေ ဈေးကျ သွားပြီတဲ့”


အသံလာရာ လမ်းမကြီးဆီ ကြည့်လိုက်ရင် ယက်ကန် ယက်ကန် တရွေ့ရွေ့ လိမ့်လာတဲ့ သုံးဘီးတွန်း လှည်းကလေးကို အရင်ဆုံး တွေ့ရမယ်။ မိုးကာစ အပြာရောင်ကို ဖြစ်သလို အုပ်မိုးထားတဲ့ တွန်းလှည်း အမိုးအောက်က လော်စပီကာ သေးသေး ကလေးကနေ ကြော်ငြာသံ ထွက်နေတာပါ။ တွန်းလှည်း ကလေးရဲ့ ဘေးပတ်ပတ် လည်မှာတော့ ဒီနေ့ထုတ် ဂျာနယ် မျိုးစုံကို ကလစ်တွေနဲ့ ကြည့်ကောင်းအောင် တွယ်ချိတ်ပြသ ထားတယ်။ တွန်းလှည်းရှေ့ မျက်နှာစာမှာ စတား ရုပ်ရှင်ရုံမှာ တင်နေတဲ့ ရုပ်ရှင်ကား ပိုစတာ အသေးကလေး လည်းညှပ်ထားရဲ့။


တွန်းလှည်းကလေး ရွေ့လျား နေတာက နောက်က လူကြောင့်ပါ။ ပြတိုက်ထဲက ဖုန်တက်နေတဲ့ ကျောက်ရုပ် တစ်ရုပ်နဲ့ ခပ်ဆင်ဆင် တူတဲ့လူက တွန်းလှည်း ကလေးကို တွန်းနေတာပါ။ ဒီလို တွန်းသွားရင်းနဲ့ လက်တစ်ဖက်က မိုက်ကရိုဖုန်း ကိုင်ပြီး တရစပ်  ရွတ်သွားတာပါ။ ပါးစပ်ထဲ တွေ့ရာ အော်ရတာမို့ အစီအစဉ် သိပ်မကျ ဘူးပေါ့။ သူက တွန်းလှည်း ကလေးရဲ့ ပိုင်ရှင်ပါ။ တွန်းလှည်း ကလေးရဲ့ အုံနာပြောပြော၊ ဒရိုင်ဘာ ပြောပြော သူပါပဲ။ သူ့ဘ၀မှာ ချမ်းသာတာ ဆိုလို့ ဒီတွန်းလှည်း ကလေး တစ်စီး ရှိတာပါ။


တွန်းလှည်း ဆရာရဲ့ ခေါင်းက ဖုတ်သိုက် ဆံပင်တွေက ပုတ်သင်ညို တွေထက် အရောင်ပြောင်းတာ မြန်တယ်။ တစ်ခါတစ်ခါ ကြေးနီရောင်၊ တစ်ခါတစ်ခါ အ၀ါရောင်၊ တစ်ခါတစ်ခါ နက်ပြာရောင် ကာလာစုံ ပါပဲဗျာ။ အဲဒီကာလာတွေ ကွက် ပြောက် ရိုက်ရိုက်လာတာကို တွန်းလှည်းဆရာလေးက စိတ်လိုလက်ရ ရှိပုံရပါတယ်။ သူ့ ခံစားမှုတွေကလည်း သူ့ဆံပင်တွေ လိုပါပဲ။
ပြီးတော့ တွန်းလှည်း ဆရာလေးမှာ ပုဆိုး၊ အင်္ကျီ အလဲ အလှယ်ချို့တဲ့ ပုံရတယ်။ သူ့ ဖလန်နယ် အင်္ကျီနဲ့ ပုဆိုး ကွက်ထောက်က လျှော်မှာပေါ့ တစ်လမှာ တစ်ခါနှစ်ခါ။ နွေရာသီများ ရောက်လာရင် မိုးအုံ့မျက်မှန် အမည်းကြီးကို မချွတ်တမ်း ၀တ်တတ် တာကလည်း တွန်းလှည်း ဆရာလေးရဲ့ စတိုင် တစ်ခုပါပဲ။ မဇ္ဈိမနွယ် ဆန်တဲ့ နှာခေါင်းချွန်ချွန် ပေါ်မှာ မျက်မှန် တပ်လိုက်တဲ့ အခါ ရုတ်တရက် ကြည့်လိုက်ရင် နေ့ခင်းကြောင်တောင် အလင်း မိနေတဲ့ ဇီးကွက် ရေသောက်ဆင်း လာသလိုပဲ။


သူကတော့ ကမ္ဘာပေါ်မှာ လမ်းအလျှောက်ဆုံး ပုဂ္ဂိုလ်ပါပဲ။ နွားနို့ ထမင်းသည် မအမာဘီ၊ အချဉ်ပေါင်းကို မောင်းကလေး တီးပြီး တွန်းလှည်းနဲ့ လှည့်ရောင်းတဲ့ မဘဲဥတို့ ကတောင် သူ့လောက် လမ်းမလျှောက် နိုင်ဘူး။ မြောက်ဘက်ဆို မင်းကျောင်းကုန်း၊ အရှေ့ဘက်ဆို နှစ်မိုင်အောင်သာ၊ တောင်ဘက်ဆို ကုက္ကိုတော စတဲ့ ရပ်ကွက်တွေ အထိသူက ခြေဆန့်တာ။ ရှမ်းဝိုင်း၊ အလင်းကုန်း၊ ဘူဒိုဇာ၊ မင်းမနိုင်၊ ကချင်စု စတဲ့ ကြိုကြိုကြားကြား ရပ်ကွက်တွေ မှာလည်း သူ့ခြေရာ ချည်းပဲ။


ဒါတောင် သူ့ခြေထောက်က သိပ်သန်လှတာ မဟုတ်ဘူး။ တစ်ရက်တစ်ရက် လျှောက်တဲ့ ခရီးက ဆန့်ထုတ်ကြည့်ရင် မိုင်နှစ်ဆယ်ထက် မလျော့နိုင်ဘူး။ သူ့ ဘယ်ဘက် ခြေထောက်က ဆိုင်ကယ် တိုက်မိကတည်းက အကြောတွေ ဆိုင်းသွားတယ် ထင်တယ်။ မြေပေါ်မှာ ရှပ်တိုက်ပြီး လျှောက်နေရတာ ကြည့်တော့။ အကောင်း ပကတိ ရှိနေတဲ့ ညာခြေထောက် ကလေးကိုပဲ အားပြု သွားနိုင်တာကို သူဝမ်းသာ လှပြီ။


ကတ္တရာလမ်း၊ ကျောက်လမ်းတွေပေါ်မှာ နေထွက်က နေ၀င် ရှပ်တိုက်သွားဖန် များတော့ ဘယ်ဘက် ဖိနပ်က ပါးပြီး အကုန် မြန်တာပေါ့။ ညာဘက် ဖိနပ်က မပွန်းမပဲ့ သေးဘူး။ ဘယ်ဘက် ဖိနပ်က နောက်မြီးပြတ် နေပြီ။ ဆိုင်ကယ် တိုက်ပြီးတဲ့ နောက်ပိုင်း သူဖိနပ် မစီးဘဲ ခြေတုံးလုံး နေတဲ့ကာလ အတော်ကြာ သွားတယ်။ ဖိနပ်တွေနဲ့ သူ့ခြေထောက် တော်တော်စိမ်း သွားသေးတယ်။ ဘယ်ဘက် ခြေမနဲ့ ခြေညှိုးက ညှပ်အား မကောင်းတော့တာ မို့လို့ ကရိကထ များတယ်ဆိုပြီး မစီးဘဲ နေခဲ့တာ။ တွန်းလှည်း ကလေးနဲ့ ဂျာနယ် ရောင်းမယ် လုပ်တော့မှ လူရိုသေ ရှင်ရိုသေ ဖြစ်အောင် ဖိနပ်တစ်ရန် ၀ယ်စီး ဖြစ်တာပါ။ 


မကြာပါဘူး။ အဲဒီဖိနပ် တစ်ရန်မှာ ဘယ်ဘက် ဖိနပ်က ပါးပြီး နောက်မြီးပြတ်ရော။ ဘယ်လိုမှ ဆက်စီးလို့ မဖြစ်တဲ့ အချိန်မှာ ဖိနပ်ဆိုင်ဘက် လှည့်ရပြီပေါ့။
“ဖိနပ် ဘယ်တစ်ဖက် ရောင်းပေး ပါဦးဗျာ”


“ဟာ- ဒီလူ့နှယ် အူကြောင်ကြောင်နဲ့၊ ဖိနပ်ဆိုတာ ဘယ်ရောညာရော တစ်ရန်လုံး ၀ယ်ရတာဗျ”


“သိသားပဲဗျ။ ခုဟာက ကျွန်တော်က ဘယ်တစ်ဖက်တည်း လိုချင်တဲ့ ဥစ္စာ၊ လုပ်ပါဗျာ၊ ဈေးမဆစ်ပါဘူး စိတ်ချ”


“တစ်ရန်လုံး ယူလည်း ဒီဈေးပဲ၊ တစ်ဖက်တည်း ယူလည်း ဒီဈေးပဲ။ တစ်ဖက်တည်းကို တစ်ဝက် ဈေးနဲ့တော့ မရောင်းနိုင်ဘူး ဆရာရေ့”


“ခင်ဗျားတို့ ဆိုင်မှာ ၀ယ်ရတာ အဆင်မပြေ ပါဘူးဗျာ။ နေ နေ တစ်ဖက်စီ ခွဲရောင်းတဲ့ဆိုင် လိုက်ရှာဦးမယ်”


အဲဒီနေ့က ရှမ်းကလေးဆိုင် ရောက်မှပဲ အဆင်ပြေ တော့တယ်။ သူလိုချင်တဲ့ ဘယ်တစ်ဖက်ကို ရောင်းမစွံတဲ့ ဖိနပ်ဟောင်း ပုံထဲမှာ ခက်ခက်ခဲခဲ ရှာယူ ခဲ့ရတာ။ အဲဒီအချိန် ကစပြီး တွန်းလှည်း ဆရာလေးမှာ စတိုင်တစ်မျိုး ထပ်တိုးလာတယ်။ ဘယ်ဘက် ခြေထောက်က ဖိနပ်တစ်မျိုး၊ ညာဘက်ခြေ ထောက်က ဖိနပ်တစ်မျိုး။


အရောင် နှစ်မျိုးပါတဲ့ ဖိနပ်စီးပြီး မြို့ထဲမှာ ဂျာနယ်နဲ့ ထီလှည့်ရောင်းတာ သူ့ရဲ့ သက်မွေးဝမ်းကျောင်း အလုပ်ပါပဲ။ သူ့မှာ ပူပင်ကြောင့်ကြ စရာ၊ သံယောဇဉ် တွယ်စရာ တွေလည်း မရှိပါဘူး။ တစ်ကိုယ်တည်း လူပျိုကြီး ဆိုပါတော့။ ညဆိုရင် မဥမ္မာ တို့ရဲ့ တော်ဝင် တည်းခိုခန်းမှာ ဖြစ်သလို အိပ်စက် အနားယူ ပါတယ်။ နေ့ခင်းမှာတော့ လက်ဖက်ရည် ဆိုင်နဲ့လမ်းကို အိမ်လုပ်ပြီး နေရတာပါ။


သူက လူတစ်မျိုး။
သူဂျာနယ် လှည့်ရောင်းတဲ့ လမ်းမှာ တစ်ယောက်မှ ထွက်မ၀ယ်ဘူး ဆိုရင် လမ်းဆုံးတာနဲ့ ပြန်လှည့်လာပြီး ဒုတိယ အကြိမ် ရောင်းပြန်တာပဲ။ ဒုတိယ အကြိမ် မ၀ယ်ရင် တတိယ အကြိမ် လှည့်ပြန်ရော။ သူ့ရဲ့ ငှက်ဆိုး ထိုးသံကို နားမခံ သာတဲ့ လမ်းထဲက လူတစ်ယောက် ယောက်က ထွက်ဝယ်တော့ မှပဲ အဲဒီ တစ်လမ်းလုံး နားချမ်းသာရာ ရတော့တာ။


ဘယ်သူကမှ ထွက်မ၀ယ်ဘဲ သူလည်း မောလာပြီ ဆိုရင် လမ်းထဲက လူတွေကို မှိုချိုးမျှစ်ချိုး ပြောပြီ။
“ဒီလမ်းထဲက လူတွေက စာမဖတ် ပေမဖတ် အဆင့် မရှိတဲ့ လူတွေပါဗျာ။ အိုင်တီ ခေတ်ကြီးထဲမှာ ခေတ်မမီတဲ့ လူတွေ။ စာဖတ်ကြ စမ်းပါဗျ။ စာဖတ်မှ ဘ၀ တိုးတက်တာ။ ၀ယ်ကြစမ်းပါ။ အားပေး ကြစမ်းပါ။ ခင်ဗျားတို့က တိုက်နဲ့ကားနဲ့ နေပြီး ဂျာနယ်တစ်စောင် လေးငါးရာ ၀ယ်မဖတ် နိုင်ဘူးလား”


၃။
သူ့နာမည်က ခေတ်မီ တယ်။
ကိုဇော်ဝမ်းတဲ့။
ရုပ်ရှင်မင်းသား၊ အဆိုတော် ကိုဇော်ဝမ်းကို အားကျစိတ်၊ လေးစားစိတ်၊ ခင်မင်စိတ်နဲ့ ဒီနာမည်ကို ရွေးပြီး မှည့်ခဲ့တာ။ အသက်ကလည်း ကိုဇော်ဝမ်းလောက် မရှိတောင် ငါးဆယ်အောက် မလျှိုးနိုင်ဘူး။ ကိုဇော်ဝမ်း သီဆိုခဲ့တဲ့ လမ်းခင်းတဲ့ ကျောက်ခဲကတော့ အသွေး အရောင်ကမွဲ တန်ဖိုးမှာလည်းနည်း ဆိုတဲ့ သီချင်းက သူ့ဘ၀နဲ့ တစ်ထပ်တည်း ကျနေတာကိုး။ သူ့ဘ၀ ကလည်း မွဲတဲတဲ ခြောက်ကပ်ကပ် မဟုတ်လား။


ငမွဲငနုံ ခြေသလုံး အိမ်တိုင် ဘ၀က လွတ်မြောက်ဖို့ သူလည်း ကြိုးစား ရှာတာပဲ။ ခက်တာက သူကတွန်းလှည်း ကလေးကို အားပြုပြီး ဂျာနယ်နဲ့ ထီရောင်းတာက လွဲရင် ဘာဝင်ငွေ ရတဲ့ အလုပ်မှ မလုပ်တတ်တဲ့ ဘ၀။ တွန်းလှည်းကလေး ရှိနေတာ ကပဲ  သူ့ဘ၀ အတွက် အထိုက်အလျောက် အဆင်ပြေ နေတာ မဟုတ်လား။


ထီတွေ ရောင်းရင်းနဲ့ တစ်လမှာ တစ်စောင် ဆိုသလို သူကြိုက်တဲ့ နံပါတ်တွေ ပါတဲ့ ထီလက်မှတ်ကို ဘေးလွယ် ပိုက်ဆံအိတ် ထဲမှာ သီးသန့် သိမ်းထားလေ့ ရှိတယ်။ ရောင်းတမ်း လက်မှတ်တွေနဲ့ ရောမထားဘူး။ များများ မဟုတ်ဘူး။ တစ်လမှ တစ်စောင်တည်း။ ဒီတစ်စောင်က သိန်းတစ်ထောင် ထပေါက်လိုက်ရင် ကျောမွဲဘ၀ ကနေ နေ့ချင်းညချင်း သူဌေးဖြစ်နိုင် တာပဲလို့ သူတွက်တယ်။ “ထီ”က သူ့ဘ၀ရဲ့ တစ်ခု တည်းသော ထွက်ပေါက်လို့ သူယုံကြည် ထားတယ်။


လူကသာ ပေါတောတော ကြောင်တောင်တောင် ဖြစ်နေတာပါ။ သူ့ ထီလက်မှတ်က နံပါတ်ကိုတော့ ဘယ်အချိန် ထမေးမေး မှတ်မိ နေတာပဲ။ နောက်ပြီး တစ်ရက်နှစ်ကြိမ်၊ ဆယ့်ငါးရက် တစ်ကြိမ်ဖွင့်တဲ့ ထီဂဏန်း တွေကိုလည်း သူစိတ် ၀င်စားတယ်။ သူ့ အိပ်မက် ထဲမှာ၊ သူ့စိတ် ကူးထဲမှာ ကွန့်မြူးတဲ့ ဂဏန်းတွေ ရရင် ကြုံဆုံတဲ့ မြို့သူမြို့ သားတွေကို ပေးလေ့ရှိတယ်။


“ကိုဇော်ဝမ်း၊ ဒီနေ့ ဘာဂဏန်း ရသလဲ”


“လပ်ကီးဆဲဗင်း တစ် လုံး ကြိုက်တယ်”


လူတွေက သူပေးတဲ့ ဂဏန်းကို ရွေးထိုးကြတယ်။ တိုက်တိုက်ဆိုင်ဆိုင် သူလမ်းညွှန် လိုက်တဲ့ ဂဏန်းတစ်ဝက် လောက်က ပေါက်ဂဏန်းတွေ ဖြစ်နေတတ်တယ်။ ဒါကြောင့် လူတွေက သူ့ကိုတွေ့ရင် ဂဏန်း တောင်းတော့တာပဲ။ ရှေ့မှာ ပြောခဲ့ သလိုပဲ။ သူက လူတစ်မျိုး။ စိတ်လို လက်ရရှိမှ ဂဏန်းပေးတာ။ တစ်ခါတလေ မကြည် သလိုလို ဘုကြည့်ကြည့်ပြီး လွန်သွားတာလည်း ရှိတယ်။ ဂျာနယ်တွေ ကိုလည်း မ၀ယ်ဘဲနဲ့ သွားမကိုင် လေနဲ့။ ဂျာနယ်ကို မ၀ယ်ဘဲ တစ်မျက်နှာပြီး တစ်မျက်နှာ လှန်နေလို့ ကတော့ အတင်း  ပိုက်ဆံ တောင်းတော့တာ။ ဂျာနယ်ဝယ်တဲ့ လူကိုတော့ ဂဏန်းတွေ လိုလိုချင်ချင် ပေးပြန်ရော။ ကိုဇော်ဝမ်း ဆီက ဂဏန်း လိုချင်ရင် ဂျာနယ်တစ်စောင် ဒါမှမဟုတ် ထီလက်မှတ် တစ်စောင်နဲ့ အလဲအထပ် လုပ်ယူရတယ်။


၎။
ကုသိုလ်ကံ များကလည်း ကိုဇော်ဝမ်း ဘက်ကချည်း အလေးသာ နေတာလား မဆိုနိုင်ဘူး။ ခုနောက်ပိုင်းမှာ ကိုဇော်ဝမ်း ရောင်းတဲ့ ထီလက်မှတ်တွေ ကနေ သိန်းဆုတွေ မကြာမကြာ ပေါက်တာဆိုပဲ။ ဆုကြီးတွေတော့ မဟုတ်ဘူး ပေါ့လေ။ နေရင်းထိုင်ရင်း ကိုဇော်ဝမ်း ထီရောင်းအား တက်သွားရော။ ထီအရောင်း အ၀ယ်လေး ဖြစ်လာတော့ သူ့မှာလည်း အင်္ကျီအသစ်၊ ပုဆိုးအသစ်၊ နှစ်ရောင်ပေါင်းမှ တစ်ရန် ဖြစ်ရတဲ့ ဖိနပ်အသစ် ကလေးတွေနဲ့ တောက်တောက်ပြောင်ပြောင် ဖြစ်လာတယ်။ လော်စပီကာ လေးကနေ အော်လိုက်တဲ့ သူ့ အသံ ကလည်း ပိုအားကောင်း လာသလိုပဲ။ ခါတိုင်းလို ချွဲသလိပ် ကပ်သလို ချောင်းဆိုး ရင်ကျပ်သံ မဖြစ်တော့ဘူး။


မြို့လူထု ကလည်း သူ့တွန်းလှည်းက ပေါက်အားကောင်းတော့ သူ့ဆီမှာပဲ ကံစမ်းကြတာ များတယ်။
“ငါ့တူမကြီး နှစ်သိန်းဆု ပေါက်ပါစေဗျား”


“ဒီက အမေကြီး အတွက် နတ်ကောင်း နတ်မြတ်များက သိန်းဆုတွေ မစပါစေ”


အဲဒီလို သူ့ပါးစပ်က နိမိတ်ဖတ် ဆုတောင်းပြီး ပေးလိုက်တဲ့ ထီလက်မှတ်တွေ ကနေဆုတွေ ထပေါက်တာ။ မြို့လူထုက ကိုဇော်ဝမ်း အကြား အမြင်များ ရနေပြီ လားလို့ ထင်ကြေး ပေးကြတယ်။ တချို့က သူ့ကို သွေးတိုးစမ်းကြ တာလည်းရှိတယ်။
“ကိုဇော်ဝမ်း ကျွန်တော့်ရဲ့ ထီလက်မှတ် ကကော ဘာဆု ပေါက်မှာလဲ”


“ဘာဆုမှ ပေါက်မှာ မဟုတ်ဘူး ဟကောင်ရ။ လွှင့်သာပစ်လိုက်”


“ဒီလိုဆိုရင် ခင်ဗျားရဲ့ ထီလက်မှတ် ပြန်ယူတော့ဗျာ။ ကျွန်တော့် ပိုက်ဆံပြန်ပေး”


“ဘာဆိုင် လို့လဲကွ။ မင်းဟာမင်း စိတ်နိုင်လို့ ထိုးတဲ့ဥစ္စာ။ မပေးနိုင်ဘူး။ မင်းကမှ ကံမကောင်းဘဲ။ မှတ်ထားကွ ကောင်လေးရ။ စေတနာ ကောင်းမှ ကံကောင်းမှာ ဟုတ်လား”


၅။
ဒီနေ့ တစ်နေ့လုံး ကိုဇော်ဝမ်း စိတ်မကောင်းဘူး။
ဂျာနယ်နဲ့ ထီလှည့် ရောင်းနေ ရပေမယ့် စိတ်ကလူနဲ့ မကပ်ဘူး။ ခါတိုင်းလို မိုက်ကရို ဖုန်းလေးကိုင်ပြီး တော့လည်း သတင်းပလင်း မကြော်ငြာ ဖြစ်ဘူး။ စကား တစ်ခွန်းမှ မဟဘဲ တစ်လိမ့်တည်း လိမ့်နေတဲ့ တွန်းလှည်းကို ကြည့်ပြီး မြို့လူထုက “ကိုဇော်ဝမ်း ဘာများခံစား နေရသလဲ” လို့ စိတ်ဝင်စား နေကြတယ်။ သူ့ပုံစံ ကလည်း ခါတိုင်းလို ရွှင်ရွှင် ပျပျမှ မရှိဘဲ။


မလွှဲသာလို့ တွန်းလှည်းကို တွန်းနေ ရပေမယ့် စိတ်ထဲမှာ မသာမယာ ခံစား နေရတယ်။ မနက် ကတည်းက ၀မ်းထဲကို ထမင်းတစ်လုတ် မ၀င်သေးဘူး။ ထမင်းကို နောက်ထား၊ ယုတ်စွအဆုံး ကော်ဖီလေး တစ်ခွက်တောင် မသောက်ဖြစ် သေးဘူး။ ရင်ထဲမှာ အလိုလိုကို ပြည့်နေတာ။


“အဆိုတော်၊ ရုပ်ရှင်မင်းသား ကိုဇော်ဝမ်း ကွယ်လွန်သွားပြီ” တဲ့။


ဒီသတင်းက ကိုဇော်ဝမ်းရဲ့ ရင်တစ်အုံ လုံးကို လောင်မြိုက်စေ ခဲ့တာပါ။ ရုပ်ရှင်မင်းသား ကိုဇော်ဝမ်းက သူ့ရဲ့ ခရေဇီ မင်းသား မဟုတ်လား။ တစ်နင့်တစ်ပိုး ခံစား ရပြီပေါ့။ ဟုတ်မှ ဟုတ်ရဲ့လား ဆိုပြီး သူရောင်းတဲ့ ဂျာနယ်တွေ ထဲမှာ ရှာကြည့်တော့ နာရေး သတင်းကို နဖူးတွေ့ ဒူးတွေ့ တွေ့ရပြီ။


စိတ်လက်မကြည် မသာနဲ့ မြို့ပတ်ပြီး လှည့်ရောင်းလိုက်တာ ဘယ်လမ်း၊ ဘယ်ရပ်ကွက်၊ ဘယ်ကုန်း၊ ဘယ်ကျင်းရောက်လို့ ရောက်မှန်း မသိတော့ဘူး။ မိုးစုပ်စုပ် ချုပ်တော့မှ တည်းခိုရာဆီ ကမန်းကတန်း ပြန်ခဲ့ရတယ်။ လှည်းကို အဆင် ပြေရာမှာ ထိုး၊ ဂျာနယ်နဲ့ ထီလက်မှတ်တွေ ခေါင်သိမ်းပြီး မခမ်းရွှေတို့ ထမင်းဆိုင်ဘက် ထွက်ခဲ့တယ်။


“မခမ်းရွှေ၊ အရက်တစ်ပိုင်း ထည့်ပါဦးဗျာ”


“ဟင်- ကိုဇော်ဝမ်းက ဒီနေ့မှ ထူးထူးခြားခြား ဘာကြောင့် တစ်ခွက်ကနေ တစ်ပိုင်းဖြစ်သွား ရတာလဲ”


“စိတ်ထဲမှာ မကြည်မလင် ဖြစ်နေလို့ ပါဗျာ”
စကားကို တိုတိုနဲ့ ဖြတ်ပြီး အရက်ချည်း ဖိသောက် နေမိတယ်။ သူမြတ်နိုးတွယ် တာတဲ့ ကိုဇော်ဝမ်း မရှိတော့ဘူး ဆိုတာ ဆင်ခြင် မိလေလေ ခံစားရ လေလေပေါ့။
အဲဒီညက စည်းလွတ် ၀ါးလွတ် သောက်လိုက်တာ တည်းခိုခန်းကို ဘယ်လို ပြန်ရောက်လာမှန်း မသိတော့ဘူး။ သူလွယ်နေကျ လွယ်အိတ်ကလည်း ဇစ်တွေပွင့်လို့။ ဂျာနယ်နဲ့ ထီရောင်းရ သမျှ ပိုက်ဆံတွေလည်း ဇစ်ပွင့်နေတဲ့ လွယ်အိတ်ထဲမှာ ဖရို ဖရဲနဲ့။
၆။
အရက်က တန်ပြန် ဒုက္ခ ပေးတတ်မှန်း အခုမှ သူသိရတာ။ တစ်နေ့လုံးလုံး အိပ်ရာထဲက မထနိုင်ဘူး။ ဘာမှလဲ မစားနိုင်၊ ဘာမှလဲ မသောက်နိုင်ဘူး။ ရေလေး တစ်ခွက် တလေတောင် မ၀င်နိုင်အောင် အရက်နာ ကျတာပါ။ ခေါင်းထဲမှာလည်း တအုံ နွေးနွေးနဲ့ တဆစ်ဆစ် ကိုက်လား ကိုက်ရဲ့။


“ကိုဇော်ဝမ်း၊ ဘာကြောင့် ထီရောင်း မထွက်တာ လဲဗျ”


“ငါ နေမကောင်းလို့ ပါကွာ”


ဂျာနယ် လက်ပွေ့လှည့် ရောင်းတဲ့ ငမိုးက သူ့ဘေးမှာ လာထိုင်ရင်း အရိပ်အကဲ ဖမ်းနေတယ်။
“နေမကောင်းလည်း ကျွန်တော့်ကိုတော့ လက်ဖက်ရည် လိုက်တိုက်ဦးဗျာ”


“ငါက ဘာကိစ္စနဲ့ မင်းကို လက်ဖက်ရည် တိုက်ရမှာလဲ”


“ခင်ဗျားရောင်းတဲ့ ထီလက်မှတ် တွေထဲက ဆယ်သိန်းဆု တစ်ဆုပေါက်တယ် လေဗျာ။ ကြယ်သုံးလုံး ထီဆိုင်မှာ ကြေညာထားတာ သွားကြည့်ပါလား။ ကျွန်တော်က ခင်ဗျား သိပြီးပြီ မှတ်တာ”


“ဟေ- ဟုတ်လား”
ငမိုးကို တွဲပြီး ထီဆိုင်မှာ သွားမေးတော့မှ ထီပေါက် တယ်ဆိုတာ သေချာသွားတယ်။ သေချာတာမှ တကယ့်ကို အသေအချာ ပေါက်တာ။ ရောင်းတဲ့ အုပ်တွေထဲက မဟုတ်ဘူး။ ကိုဇော်ဝမ်းက သူ့အတွက် သီးသန့် ဖယ်ထုတ်ပြီး ကံစမ်းထားတဲ့ တစ်စောင်တည်းသော ထီလက်မှတ်က ထပေါက်တာ၊ ဆယ်သိန်းဆု။
နံပါတ်က ည-၂၂၂၄၈၇။


၇။
အဲဒီနေ့က စပြီး မြို့ထဲက လမ်းတွေပေါ်မှာ ကိုဇော်ဝမ်းရဲ့ ထီလှည်း ပျောက်သွားတယ်။ ဂျာနယ်လည်း မရောင်း ဖြစ်တော့ဘူး။ လော်စပီကာ ထဲက ကြားနေကျ ကိုဇော်ဝမ်းရဲ့ ကြော်ငြာ မောင်းခတ်သံလည်း ပျောက်ကွယ်သွားတယ်။ သူ့ အသံကို မကြားရတာ ကြာတော့ မြို့လူထုက တမ်းတ နေပြန်ရော။


ကိုဇော်ဝမ်း ကိုတော့ လမ်းပေါ်မှာ သွားရင်းဟန်လွှဲ ဖျတ်ခနဲ တွေ့ရတာ ရှိတယ်။ ဒါပေမဲ့ သူ့ရဲ့ ထီတွန်းလှည်းနဲ့ မဟုတ်ဘူး။ သူ့ပုံက တစ်ခုခု ကျပျောက်လို့ ရှာနေတဲ့ပုံ။ ဟုတ်တယ်။ လမ်းပေါ်မှာ ကိုဇော်ဝမ်း တစ်ခုခုကို ရှာနေတယ်။ လမ်းပေါ်မှာ သာမက အမှိုက်ပုံ မှန်သမျှ ကြိုကြိုကြားကြား နေရာ မှန်သမျှ ပိုက်စိပ်တိုက် ရှာနေတာ။ သူ့ ပုံစံက ကမ္ဘာမြေကြီး ကိုတောင် ပြောင်းပြန်လှန်ပြီး ရှာမယ့်ပုံပဲ။


သူ့ခမျာ စည်ပင်သာ ယာက အမှိုက်သိမ်းတဲ့ အလုပ်သမား တွေဆီမှာလည်း စနည်း နာရတာ အမော။ ဘယ်လောက်တောင် ဇွဲကောင်း သလဲဆိုရင် မြို့ရဲ့ အတော်လှမ်းတဲ့ ကြက်ပေါင်ခြံ အလွန်က အမှိုက်သွန်တဲ့ သုသာန်အထိ ရောက်ရောပဲ။
တွေ့တဲ့ သူတိုင်းကို သူက တစ်ခွန်းတည်း မေးတယ်။


“လမ်းပေါ်မှာ ထီလက် မှတ်တစ်စောင် မတွေ့ခဲ့ မိဘူးလားဗျာ။ တွေ့ရင် ပြောပေးပါဦး”


ရှိတဲ့အလုပ်ကို ပစ်ချ ထားခဲ့ပြီး တစ်လလုံးလုံး ထီ လက်မှတ်ကို ပိုက်စိပ်တိုက် ရှာဖွေခဲ့တယ်။ အဲဒီ ထီလက် မှတ်ထဲမှာ သူ့ရဲ့ အိပ်မက် တွေ၊ သူ့ရဲ့ မျှော်လင့်ချက် တွေ၊ သူ့ရဲ့ ဘ၀တက်လမ်းတွေ အားလုံးကို သိမ်းထုပ် ထားတာ မဟုတ်လား။ ကြာ လာတော့ ထီလက်မှတ် ကြောင့် ကိုဇော်ဝမ်း ကြောင်တောင်တောင် ဖြစ်လာတယ်။


“ကျွန်တော့်ရဲ့ ထီလက်မှတ်ကို ၀ှက်မထား ကြပါနဲ့ဗျာ။ ပြန်ပေး ကြပါဗျ”
လူတွေ့ရင် အဲဒီလို စွပ် စွဲနေတာပါ။ သနားစရာ ကောင်းသလို၊ ရယ်ဖို့လည်း ကောင်းနေပြန်ရော။
“နေပါဦး၊ ခင်ဗျားရဲ့ ထီလက်မှတ်က ဘယ်လိုက ဘယ်လို ပျောက်သွားတာလဲ”
“ပိုက်ဆံ အိတ်ထဲမှာ ထည့်ထားရင်း ပျောက်သွားတာပါ”
“ဘယ်နေ့က ပျောက်သွားတာလဲ”
“ကိုဇော်ဝမ်းကို လွမ်းရင်း မူးတဲ့ညက ပျောက်သွားတာဗျ”


၈။
အခုတော့ ကိုဇော်ဝမ်း ထီလှည်းပြန်တွန်း နေပါပြီ။ လူလည်း ပုံမှန် အတိုင်းနေသား ကျသွားပါပြီ။ သူ့ပုံစံ ကလည်း ဟိုတုန်းက လိုပဲ အရောင် သုံးလေးမျိုး ပြောင်းတတ်တဲ့ ဆံပင် ဖုတ်သိုက်နဲ့ နှစ်မျိုးပေါင်းမှ တစ်ရန် ဖြစ်ရတဲ့ ဖိနပ်ကို စီးပြီး မိုက်ကရို ဖုန်းနဲ့ ကြော်ငြာ သံကလည်း ဟိုတုန်းက အတိုင်းပါပဲ။ ထူးခြား လာတာက ဒီနောက်ပိုင်း သူ့ကြော်ငြာမှာ တစ်ခုတော့ ပိုလာတယ် ထင်တာပဲ။


“၀ယ်ကြပါလို့၊ ဖတ်ကြပါလို့၊ အားပေး ကြပါလို့၊ သတင်းထူးတွေ ပါတယ်လို့၊ အားကစား သတင်းတွေ စုံတယ်လို့၊ ကျွန်တော့် ထီလက်မှတ် ပျောက်သွားတယ်ဗျ။ တွေ့ရင် ပြန်ပေး ကြပါလို့၊ သတင်း ပေးကြပါလို့၊ ကျေးဇူး ဆပ်ပါ့မယ်လို့၊ သနား ကြပါလို့......”




မောင်စံဝင်း၊ဗန်းမော်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၂)


မောတော့ မောတာပေါ့ ဒါပေမဲ့ စိတ်ချမ်း သာပါတယ်


ကိုယ့်အကြောင်း မပါတာ မပြောကြေး ဆိုရင် တစ်နေ့တစ်နေ့ ပြောစရာ ရှိတော့မှာ မဟုတ်ဘူး။

ဒါဆို သင်္ကာ ရှင်းရတဲ့ ဒုက္ခတွေလည်း ကင်းဝေးလို့ အလုပ်ချိန် တွေလည်း အများကြီး ပိုထွက်လာမယ်။ ဟန်မကျလား။ ခက်တာက ကိုယ့်မှာကလည်း နားတွေ၊ မျက်စိတွေ၊ အတွေ့အကြုံနဲ့ ယှဉ်ပြီး စဉ်းစား တွေးခေါ်နိုင်တဲ့ အသိဉဏ် တွေကလည်း ရှိနေပြန်တော့ မပြောလို့ကလည်း မရပြန်ဘူး။ ဒါတွေက သင်ခန်း စာယူစရာ တွေပေါ့။ ဒါတွေ သိထားမှလည်း သံဝေဂ တရားတွေ တိုးပွား လာတော့မှာပေါ့။ ဒီလိုနဲ့ ရှုပ်လာပြန်ရော။

ခုလည်း ဦးမြမောင်ကို ကြည့်ပြီး ပြောနေဆိုနေ လိုက်ကြတာ ဟောတစ်မျိုး ဟောတစ်မျိုး။ တစ်ခွန်း တစ်ပါဒလောက်မှ ၀င်မပြောလိုက်ရရင် ခပ်နုံနုံ ခပ်အအပဲ ဖြစ်ဦးတော့မလို။ သနား ပါတယ်လို့ ပြောသူကပြော။ ၀ဋ်လည်တာ ကောင်းတယ်လို့ ဆိုသူက ဆို။ အို စုံလို့ စုံလို့။ ဦးမြမောင် အကြောင်း ပြောမယ်ဆိုရင် မနှစ်က ရွာထဲစုန်ပြီး လျှောက်ဆဲတာက စပြီး ပြောရလိမ့်မယ်။ မူးလို့ ဆဲတာပါ။ ရွာသားတွေကလည်း ရွာသားတွေပဲ။ သူ့ကို နာကြည်းချက် ဖြစ်အောင် မထိတထိ သွားကလိတာကိုး။ ဒီလိုတစ်ရွာလုံး လှည့်ဆဲတာတောင် ထွက်ရိုက်ရဲတဲ့သူ မရှိဘူး ဆိုတော့ ဦးမြမောင်က ရာဇ၀င်လူဆိုးကြီးလားလို့ မေးစရာရှိတယ်။ မဟုတ်ပါဘူး။ သူ ဆဲဆိုနေတဲ့ စကားတွေက အမှန်တွေ ဖြစ်နေလို့ အားလုံးငြိမ်နေရတာ။ သူဆဲတာကိုလည်း နားထောင် ကြည့်လိုက်ဦး။ “ဟေ့ အင်းသူကြီး ချစ်တင် မင်း ပိုက်ဆံရှိတာ ငါ သောက်ဂရု မစိုက်ဘူး။

အိုကွာ တစ်ရွာလုံး ပိုက်ဆံ ချမ်းသာတဲ့ လူမှန်သမျှ တစ်ယောက်မှ ဂရုမစိုက်ဘူး။ မင်းတို့ ချမ်းသာတယ်ဆိုတာ ပိုက်ဆံလောက် ချမ်းသာ တာပါကွ။ မင်းတို့ထဲမှာ လူချမ်းသာ ဆိုလို့ ခွေးတစ်ကောင် ကြောင်တစ်မြီးတောင် မပါဘူး။ ကိုယ့်အင်းထဲ ပိုက်ခိုးဆွဲမှာ ကြောက်တဲ့သူနဲ့ ကိုယ့်ပုတ်ထဲက စပါး စာရင်းငှား ခိုးချင်မှာစိုးတာနဲ့ အိပ်ကောင်းခြင်း၊ စားကောင်းခြင်းနဲ့ ဇိမ်ကျကျ နေနိုင်တဲ့သူရှိလား။ ရှိရင် ငါ့ လည်လာဖြတ်။ငါဆိုတဲ့ မြမောင်ကမှ လူချမ်းသာ အစစ်ကွ။ အလုပ် မလုပ်ဘဲနဲ့ တင်းတင်းရင်းရင်း စားနိုင်တယ်၊ သောက်နိုင်တယ်။ ကိုယ့်လုပ်စာနဲ့ ကိုယ်တောင် မိန်းမကြောက်လို့ အရက် မသောက်ရဲတဲ့ သူတွေကများ ငါ့ကို မိန်းမထမီရေသီနား ခိုစားသလေး ဘာလေးနဲ့။ ငါ ပြောတာ မကျေနပ်ရင် အခု ထွက်ခဲ့၊ ရှင်းမယ်။ ငါ့ကွယ်ရာပြောရင်တော့ ငါ့ ဖင် ရှိခိုးတာနဲ့ အတူတူပဲ”

ရက်ပေါင်း သုံးရာ ခြောက်ဆယ့်ငါးရက်အတွင်း မှာ ဦးမြမောင်ရဲ့ ဘ၀နေထိုင် မှုပုံစံဟာ အများကြီး ပြောင်း လဲသွားခဲ့တယ်။ အဖြူနဲ့ အမည်း။ ဖြူရာကနေ မည်းသွားတာလား။ မည်းရာက နေ ဖြူသွားတာလား။ ဒါ တော့ သူ့ဟာသူပဲ သိလိမ့်မယ်။

ဦးမြမောင် သူ ထမ်း လာတဲ့ ပေါက်တူးလေးကို အသာချပြီး အိမ်ရှေ့က ခုံတန်းလေးမှာ ထိုင်မလို့ လုပ်ကာ ရှိသေးတယ်။ အိမ်ပေါ်က ငှက်ဆိုးထိုးသံကြီးက ပီပီ သသကြီး ထွက်ပေါ်လာပါတော့တယ်။ သူကတော့ သာ ယာနာပျော်ဖွယ် အသံလေးလို့ ထင်တာပေါ့လေ။

“ဖိုးမြမောင် နောက်ဖေးမှာ ရေလုံးလုံး သုံးစရာ မရှိဘူး။ ထိုင်မနေနဲ့ ခပ်လိုက်ဦး”

“ခပ်တာပေါ့ မိန်းမရာ”

ပါးစပ်ကသာ ခပ်တာ ပေါ့။ ကိုယ်က ထိုင်ရာက မထရသေးဘူး။ ပြောမယ့် သာ ပြောတာ။ သူ့အသက် အရွယ်နဲ့ ဒီလောက် ပင်ပင် ပန်းပန်း အလုပ်တွေကို လျင်လျင်မြန်မြန် လုပ်နိုင်သေးတာ ချီးကျူးရမယ်။ ဒီအလုပ်တွေကို သူ့တစ်သက် မလုပ်ရ တော့ဘူး ထင်နေတာ။ ကံကြမ္မာ အလှည့်အပြောင်းလို့ပဲ  သူက သဘောထားတယ်။ သူ့အသက်အရွယ်က ငါး ဆယ့်ငါးနဲ့ ခြောက်ဆယ်ကြား လို့ပဲ သိထားတယ်။

“ဟိုလူကြီး ရေချိုးတော့ မလို့လား။ လျှော်ရမယ့် အ၀တ်တွေ စိမ်ထားတယ် နော်။ နေဦး နေဦး မချိုးနဲ့ဦး၊ ၀က်တွေကို အစာ ကျွေးလိုက်ဦး”

ဝက်ခြံရှိရာကို တစ်ချက် ဝေ့ကြည့်လိုက်ပါ တယ်။ ခြံထဲမှာ ၀က်တစ် ကောင်မှ မရှိ။ ဒါ့ကြောင့် ဦးမြမောင် သူ့ခေါင်းကို ခပ်ကြမ်းကြမ်း ကုတ်လိုက်မိပါ တယ်။
“မိချိုရေ...ခြံထဲမှာ ၀က်တစ်ကောင်မှလည်း မရှိဘူး”

“အဲဒါ ရှင် ရိုက်ထားတဲ့ ခြံပဲလေ။ လုံမှ မလုံတာ။ ၀က်တွေ ဒီအတိုင်း လွှတ်ထားရင် ခြံသမားတွေနဲ့ ကျုပ် ရန်ဖြစ်ရလိမ့်မယ်။ တစ်လက် စတည်း ပြင်လိုက်ဦး။ အဖိုးကြီး ပြီးစလွယ် မလုပ်နဲ့ နော်။ ခဏခဏ ပြန်မလုပ်နိုင်ဘူး”
“၀ါးပဲ သစ်လောက် တော့ ခိုင်ပါ့မလား မိချိုရာ”

“ယို့...ယို့...ယို့ ယို့”

သူ့အသံကို အလွတ်ရ ပြီးသား ၀က်တွေက ဦးမြ မောင်ထံ ဒုန်းပြေးလာကြပါ တယ်။ ဒီအသံရဲ့နောက်နားဆီ မှာ စားစရာ သောက်စရာ တွေ ပါလာနေကျဆိုတာ ၀က်တွေ သိပြီးသားလေ။ လူ တွေ ပြောပြောနေတာက ကြွေးတင်ဝက်မွေးတဲ့။ အခု ဟာက မိချိုက သူဌေး ဖြစ်ချင်လို့ မွေးတာ။ ဦးမြမောင် ကတော့ စိတ်သိပ်မပါလှ။ စကားနည်းရန်စဲ သဘောနဲ့ သာ ဒီအတိုင်း ကြည့်နေရတာ။ တစ်နေ့တစ်နေ့ ၀က်က တစ်ဖက်၊ လယ်ကတစ်ဖက်။ ပြီးတော့ သူတို့မှာက ကိုယ်ခွဲ လက်ခွဲ မရှိဘူးလေ။

“စားပြီးတာနဲ့ အိပ်တော့ မလို့လား”

မိချို ထမင်းကို ပျင်းရိ လေးတွဲ့စွာ စားနေရင်းက လှမ်းပြီး အပြစ်ဆိုနေပြန်ပါ တယ်။ တစ်နေ့လုံးလိုလို ပင် ပန်းတာဆိုတော့လည်း ဦးမြ မောင် အိပ်ချင်ရှာမပေါ့လေ။
“ကျုပ် ဗီဒီယိုသွား ကြည့်မလို့ အပြန် လာကြိုဦး နော် အိပ်မနေနဲ့”
ပြောပြောဆိုဆိုနဲ့ မိချို အိပ်ပေါ်ကနေ ခပ်သုတ်သုတ် ဆင်းသွားပါတော့တယ်။ သနပ်ခါးကို ခြေဆုံးခေါင်း ဆုံးလိမ်းထားတာမို့ ဦးမြမောင် မျက်လုံးထဲမှာတော့ တစ်ရွာလုံး ဒီသူငယ်မ အလှ ဆုံးပေါ့လေ။

ဒီရွာမှာ ဦးမြမောင် နှစ် ယောက်ရှိလို့ ရွာအနောက်ပိုင်း က ဦးမြမောင်ကို ဦးဇင်း မြမောင်လို့ ခေါ်ပါတယ်။ သူက ရဟန်းလူထွက်ကိုး။ အခု ပြောနေတဲ့ ဦးမြမောင်ကို တော့ မင်းတုန်းမင်းလို့ ခေါ် ကြပါတယ်။ သားမယား တွေအပေါ် မီးသေလွန်းလို့ ခု တော့ စကားနောက် တရားပါဖြစ်ပြီ။

သူ့အကြောင်း နားစွန်း နားဖျား ကြားဖူးတဲ့သူတွေက သူ့ကို မြင်ဖူးချင်ကြတယ်။ မြင်တော့ ဘာပြောမှာလဲ။ ကြည့်ပါဦး။ လူက ပိန်ညှော် ညှော်၊ မျက်နှာက မဲ့ခွက် ခွက်၊ အရပ်က ခွေးပစ်တဲ့ တုတ်၊ ဆံပင်က ကျိုးတိုးကျဲ တဲ၊ အသားက မည်းလိုက် တာလွန်ရော။ အံမယ် အရက် လေး အာစွတ်မိပြီဆိုရင်တော့ စကားပြောသိပ်ကောင်းတာ။ ဒါတော့ ထူးခြားတယ်။
ယောက်ျားချင်း မနာလို ဖြစ်စရာက မနက်မိုးလင်းလို့ ဦးမြမောင် အိပ်ရာထတာနဲ့ မျက်နှာသစ်ဖို့ ရေက အရန် သင့်၊ အိမ်အောက်ဆင်း သစ် စရာ မလိုဘူး။ ဘုရားအောက်  က ခံတွင်းပေါက်ကနေ သစ် ရုံပဲ။ သွားပွတ်တံနဲ့ မျက်နှာ သုတ်ပ၀ါ အဲဒီနားမှာပဲ။ မျက် နှာသစ်ပြီးတာနဲ့ နောက်လှည့် ကြည့်လိုက်။ အငွေ့တ ထောင်းထောင်းနဲ့ ထမင်း ကြော်က တစ်နေ့တစ်မျိုးမရိုး ရအောင် ကြက်ဥကြော်တွေ၊ ငါးကြော်တွေ၊ အမဲသားကြော် တွေနဲ့ ဆီးကြိုနေလိမ့်မယ်။ စားလို့ မဖြစ်သေးပါဘူး။ ပြန် ချင်သေးတယ်ဆို လည်းဖြစ် တယ်။ ခုံဝိုင်းလေးဘေးမှာပဲ အရည်အပြည့်နဲ့ ပုလင်းတစ် လုံးက နေ့စဉ် ရှိနေဦးမှာ။

သူ့လုပ်စာ စားနေကြ လို့ သူ့ကို ဒီလောက် ဂရုစိုက် နေတာ ထင်ရင် မှားမယ်။ ဘာအလုပ်မှ မလုပ်ဘူး။ သူ့ သားသမီးတွေက လောက် လောက်လားလားမို့ အားကိုး ရတယ် မထင်နဲ့ဦး။ အကြီး ဆုံးသားက နှစ်ဆယ်မကျော် သေးဘူး။ တစ်နှစ်လုံးလိုလို သူရင်းငှားဘ၀နဲ့ နေရတာ များတယ်။ သူ့အောက်က အလတ်မလေးကရော ဘာ ထူးလို့လဲ။ ပဲခူးတဲ့အခါ ပဲခူး၊ ပေါင်းလိုက်တဲ့အခါ ပေါင်းလိုက်။ ခုဆို ကောက်တောင် စိုက်တတ်နေပြီဆိုပဲ။ အငယ် ဆုံးမလေးကလား။ ပဲ ကောက်သင်းကောက် စပါး ကောက်သင်းကောက်လောက် တော့ လုပ်ရတာပေါ့။ သူတို့ အမေ ဒေါ်တင်ဌေးကလည်း အပါးမခိုပါဘူး။ လင်တော် မောင်အတွက် စားဖို့သောက် ဖို့ လုပ်ပေးပြီးတာနဲ့ ငါးရောင်း ထွက်တော့တာ။ အိမ် မှာဆိုလို့ မင်းတရားကြီး တစ် ပါးတည်း ကျန်တာလေ။

နေ့လယ်စာအတွက် သူ့ ဟာသူ ချက်စားရမှာလား။ မစဉ်းစားနဲ့။ ကြောင်အိမ်ထဲမှာ ပြည့်ပြည့်စုံစုံ ရှိနေလိမ့်မယ်။ မရှိလည်း ပူမနေနဲ့။ ဇနီး အလိမ္မာက အပြေးတစ်ပိုင်း လာပြီး စီစဉ်ပေးဦးမှာ။ ဦးမြမောင် အကြိုက် ခံတွင်း လိုက်စေမယ့် အပြင်းစား အရည်တွေလည်း ပါသပေါ့၊ ဘယ်လစ်ပါ့မလဲ။

မင်းတုန်းမင်းကြီး အလုပ်က စားပြီး အိပ်၊ အိပ် ပြီးစား၊ ပျင်းတဲ့အခါ တိုင်းခန်း လှည့်တဲ့သဘောနဲ့ ရွာစဉ် လျှောက် စကားပြောပေါ့။ ည ရောက်တဲ့အခါ ငါ့ကို နှိပ်ပေး ကြပါဦးလို့ ပြောစလို မလိုဘူး။ ဇနီးနဲ့ သမီးတွေက အခ စားဝင်ပြီးသား။ အိပ်ပျော် သွားမှ အနှိပ်ရပ်တာ။ အိမ်ဦး နတ်ကြီးကို အပြစ်ပြောဖို့ နေနေသာသာ ဘယ်သား ဘယ် သမီးကမှ မော်မကြည့်စေရ ဘူး။ ဒေါ်တင်ဌေး အထိန်း အကွပ်ကောင်းပုံ ပြောတာ ပါ။

တစ်နေ့လာလည်း အိပ်၊ စား၊ လမ်းလျှောက် ဒီလိုနဲ့ အချိန်တွေ ဖြုန်းလာရတာကို ပျင်းတော်မူတယ် ထင်ပါရဲ့။ အရက်ဆိုင်ဘက်ကို ခြေဦး လှည့်ပါတယ်။ ဟိုမှာက အမြည်းပိုစုံသလို ငြင်းဖို့ခုံဖို့ အဖော်တွေကလည်း ရှိတာ ကိုး။ နေကုန်နေခန်း မပြန် တမ်းပေါ့။ အရက်ဖိုးကိုတော့ သူ့မယားက တစ်ရက်ခြား နှစ်ရက်ခြား သွားရှင်းပေးပါ တယ်။ အစစအရာရာ အဆင် ပြေချောမွေ့နေလိုက်တာလေ။ ဒါကို ဦးမြမောင်က မတင်း တိမ်ပြန်ဘူး။ အရက် အလ ကားလိုလို သောက်ရအောင် ကြံသေးတာ။ ထောင်ချောက် ကို မမြင်ရှာဘူး။

အရက်ဆိုင်မှာ လက်တို လက်တောင်းခိုင်းနေတဲ့ ဆိုင် ရှင်ရဲ့ ညီမ၀မ်းကွဲ တစ်ခုလပ် မိချိုကို ခြေတို့ခေါင်းတို့ သွား လုပ်သေးတာ။ ဟိုက ကြွေခါ နီး ထန်းသီးဆိုတော့ ကျီးမိုက် ကြီး အသာနင်းလိုက်ရုံနဲ့ ကြွေ တာပေါ့။ ဒါကို ကျီးမိုက်ကြီး က ငါကွ ဆိုပြီး လက်မ ထောင်တယ်။ ရွာသားတွေ ထင်ထားတာက ဦးမြမောင်  အချိန်မီ နောက်ပြန်ဆုတ်လိမ့် မယ်ပေါ့။ လွဲချက်။ သူက ပျော်ပျော်ကြီး အမိခံလိုက် တယ် ခင်ဗျ။ တစ်ရွာလုံး အကြီးအကျယ် အံ့သြကုန်တာ ပေါ့။

ဒေါ်တင်ဌေးတို့ သား အမိကတော့ ကူဖော်လောင် ဖက်မရတဲ့ ကျေးဇူးရှင်ကြီး ကို နှမြောရှာကြတယ်။ အား အားရှိ တငိုငို တရယ်ရယ်နဲ့။ ဦးမြမောင်တစ်ယောက် ပင် ပင်ပန်းပန်း လုပ်ကိုင်နေရတာ မြင်ရလေ သူတို့ရင်ထဲ မချိ လေပေါ့။ မယားအသစ်လေး နဲ့ ဦးမြမောင်ဆိုတာက ရွာစွန် လေးမှာ နေကြပါတယ်။ ဒီတော့ ဖြတ်သွားဖြတ်လာ မြင်တာပေါ့။ ကိုယ့်အဖေ မြင် တာပဲ ၀မ်းသာပေါ့။ ဒီလို မဟုတ်ဘူး။ အဖေ အသား တွေ မည်းကုန်ပြီ ပြောလို ပြော။ အဖေ အတော် ပိန်သွား တယ်လို့ဆိုပြီး သနားသူက သနား။ အိမ်မှာ တစ်ခါတစ် လေ ဟင်းကောင်းကျွေး ကောင်းလေးများ ချက်ပြီဆို မှဖြင့် အဖေ့ကို ကျွေးချင် လိုက်တာလို့ ဖြစ်ပြန်ရော။ ဟိုလူကြီးက သူတို့ကို ဖုတ် လေတဲ့ ငါးပိရှိတယ်လို့တောင် မထင်ဘူး။ မလွှဲမရှောင်သာ လို့ အကြည့်ချင်းဆုံရင်တောင် မမြင်ဟန်ဆောင်တာ။ အမှန် ဆို စိတ်အနာကြီး နာပစ်ရမှာ။

အမှတ်အတေး မရှိတဲ့ ဒေါ်တင်ဌေးက အတိအလင်း ထုတ်ပြန်ကြေညာပါတယ်။ သူ့ယောက်ျားအတွက် အမြဲ တံခါးဖွင့်ထားတယ်တဲ့။ ၀င်လိုက၀င် ထွက်လိုကထွက်။ ဒီစကားကြားတော့ ရွာသားတွေက ဒေါ်တင်ဌေး ကို ဒေါသဖြစ်ကြသတဲ့။ အလုံးစုံ အသာစီးရ ထားတဲ့ မိချိုကတော့ ပြတ်တယ်။ မယားကြီး အိမ်ဘက် ခြေဦးလှည့်တဲ့နေ့ သူနဲ့ ပြတ် တဲ့နေ့တဲ့။

ဒီနေ့ဟာ သီတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့ ဆိုတော့ မှောင်မယ်မှ မကြံသေး ဘူး။ ဖိုးလမင်းကြီးက ပြူး နေအောင် သာပြီ။ ဒီလိုပါပဲ။ မိချိုတစ်ယောက် ဗီဒီယိုရုံ ရောက်ပြီ ဆိုပါတော့။ ဒါကို ချောင်းနေကြတဲ့ ကလေးတွေ ကလည်း ဦးမြမောင်ထံ ရောက်လာကြပါတယ်။

“အဖေ အဖေ”
“အဖေ အဖေ”
“ဟေ”

ထူးလိုက်တဲ့ အသံကြီးကလည်း ၀မ်းခေါင်းသံကြီးနဲ့ ဒီအသံလေးတွေ သူမကြားရတာ ကြာပြီကိုး။ အိမ်ပေါ်က နေ ဆင်းကြည့်မယ် အလုပ် မှာ-
“မင်းတို့ ဘာလာလုပ် တာလဲ”

သားကြီး မောင်လှကိုနဲ့ သူ့ညီမလေး နှစ်ယောက် အထုပ် ကိုယ်စီနဲ့ ဦးမြမောင် မျက်နှာကို မမှိတ်မသုန် ကြည့်နေကြပါတယ်။ အိမ် ပေါ်တက်ရကောင်းနိုးနိုး။
“ကျွန်တော်တို့ အဖေကို လာကန်တော့တာ”

ဦးမြမောင် ဘာပြန်ပြော ရမှန်းမသိ။ ကောင်းကင်က လ၀ါဝါကြီးက ဒီသားအဖတွေရဲ့ အလွမ်းပြဇာတ်မှာ ၀ါရင့်မီးထိုးသမားကြီးပေါ့။ ဇာတ်ရှိန် မြင့်သထက်မြင့်လာ အောင် ဦးမြမောင် မျက်နှာ ကြီးကိုတစ်လှည့် ကလေး တွေရဲ့ မျက်နှာတွေကို တစ်လှည့် မီးကစားနေပြန်ပါ တယ်။

“အဖေ တော်တော်ပိန် သွားတယ်နော်။ အဖေ သမီး တို့ကို သတိမရဘူးလား”

အထွေးဆုံးသမီးလေး က ငိုချင်လျက် လက်တို့လုပ် နေပြန်တယ်။ ဦးမြမောင် မျက်နှာချင်းဆိုင်နေရာကနေ ဟိုဟာရှာသလိုလို ဒီဟာရှာ သလိုလိုနဲ့ ထသွား ပြန်ပါတယ်။
“အဖေ ဒီမှာ ခဏလောက် ထိုင်ပါဦး။ ကျွန်တော် တို့အဖေ့ကို ကန်တော့မလို့၊ ပြီးတာနဲ့ ကျွန်တော်တို့ ပြန်မှာ ပါ”
“အေးပါ ထည့်စရာ ပန်းကန်ယူဦးမယ်လေကွယ်။ လာလာ အိမ်ပေါ်တက်ကြ” မောင်လှကို ဦးဆောင် ကာ အိမ်ပေါ်သို့ တက်ကြပါ တယ်။ သင်းသင်းတို့ညီအစ် မကတော့ မိန်းကလေးပီပီ အိမ်ကလေးရဲ့ အခြေအနေနဲ့ အိမ်ထောင်ပရိဘောဂတွေကို အကဲခတ်နေလေရဲ့။ အိမ်ပြန် ရောက်ရင် သူတို့မြင်မြင်သမျှ ကို တစ်ဖန်ဖောက်သည်ပြန် ချရဦးမှာကိုး။

“သမီးတို့ ၀ယ်လာတဲ့ ပုဆိုးက အဖေနဲ့ သိပ်လိုက် မှာ။ အဖေ သိမ်းမထားနဲ့ ချဝတ်လိုက်နော်”

“လှကို မင်းလက်ထဲက ဘာကြီးလဲဟ”

လေးထောင့်စက်စက် ရှည်မျောမျောကြီး ဆိုတော့ မုန့်ထုပ်လည်း မဖြစ်နိုင်ပါဘူး။ လှကို ပါးစပ်က မဖြေဘဲ သူ့ အဖေ ရုတ်တရက်ဝမ်းသာ သွားအောင် အထုပ်ကို ဖြည်း ဖြည်းချင်း ဖြေနေပါတယ်။

“ဟ...အရက်ပုလင်း ကြီးပါလား။ တော်တော် ဈေးကြီးမှာပဲ။ ငါတောင် တစ်ခါ လား သောက်ဖူးတယ်”
ဟုတ်ပါတယ်။ ဒီပြည် တွင်းဖြစ် ၀ီစကီ အရက်ဆိုတာက မြို့တက်ဝယ်မှ ရတာ။ ဒါကြောင့် လှကိုတစ်ယောက် သူ့စိတ်ကူးကို အထူးကျေနပ် နေပါတယ်။


“ငါ အရက် မသောက် တော့ဘူးကွ။ မင်းဟာမင်း ပြန်ယူသွားကွာ”
“အဖေတကယ် မသောက်တော့ဘူး၊ အံ့သြ စရာပဲ”
နေ့နေ့ညည အရက်ပြီး အရက် အဆက်မပြတ် သောက်လာသူကြီးက ခု တော့ သူ မဟုတ်သလို သမာဓိကောင်းနေပြန်ပါတယ်။ ယုံရခက်ခက်။
“အသက်တွေလည်း ကြီးပါပြီကွာ။ မသောက်ချင် တော့ဘူး”

တရားရသွားလို့ မသောက်တာလား။ မယား အလှလေးကို ကြောက်လို့ မသောက်တာလား။ အသိ သာကြီးပါ။ ဘယ်လိုပဲဖြစ် ဖြစ် ဒါကောင်းတဲ့လုပ်ရပ်ပါ။ နတ်လူ သာဓု ခေါ်မှာပါ။

“ကန်တော့မယ်၊ ကန် တော့မယ်”
ဦးမြမောင် မျက်တောင် လေး ပုတ်ခတ်ပုတ်ခတ်နဲ့ က လေးတွေကို ခိုးခိုးကြည့်နေပါ တယ်။ လှကိုတို့မောင်နှမတွေ ကတော့ ထိခြင်းငါးပါးနဲ့ ကန် တော့လို့နေရဲ့။
“ငါက ဘာဆုပေးရမှာ လဲ။ မပေးတတ်ဘူး”

“ပေးတတ်သလို ပေး ပေါ့ အဖေရာ”
တိမ်မြုပ်နေတဲ့ အပြုံး ပန်းတွေ ဦးမြမောင်မျက်နှာ ပေါ်မှာ ထွန်းပလာပါတယ်။ ကလေးတွေကလည်း နောက် တော်ပါးကနေ အပြုံးချင်း ထပ်လျက်။

အပြန်လမ်းမှာ သင်း သင်းတို့ညီအစ်မနှစ်ယောက် ကတော့ မျက်ရည်စတွေနဲ့ ပေါ့။ တစ်ယောက်သော လှကိုကလား အခုထိ ပြုံးနေ တုန်း။ ခြေလှမ်းတွေက အလာတုန်းကထက်တောင် သွက်သေး။
“ဒီနေ့ကစပြီး ငါ ဒေါ်ချို ကို စိတ်မဆိုးတော့ဘူး”

လှကိုတစ်ယောက် ရူး သွားပြီလားလို့ သင်းသင်းတို့ ညီအစ်မ အကြည့်စူးစူးတွေနဲ့ ၀ိုင်းကြည့်နေကြပါတယ်။ သူတို့အဖေနဲ့ သူတို့ကို ရှင်ခွဲ ခွဲခဲ့တဲ့ တရားခံဟာ ဒေါ်ချို မဟုတ်ပါလား။
“အပြောင်းအလဲက မြန် လိုက်တာ။ အရင်တုန်းက အစ်ကိုကြီးပဲ နေ့ရှိသရွေ့ ကျိန် ဆဲနေပြီးတော့”

လှကို အပြောမတတ် တာနဲ့ပဲ သင်းသင်းရဲ့ ဒေါသ က သူ့ဆီကို မြားဦးလှည့်လာ ပါတော့တယ်။ အငယ်မက တော့ ကလေးသာသာမို့ ရောက်တတ်ရာရာ လျှောက် တွေးနေလေရဲ့။
“ငါ မသိလို့ ပြောမိတာ ပါ။ တကယ်တော့ အဖေနဲ့ အမေလိုပဲ ဒေါ်ချိုလည်း ငါတို့ရဲ့ ကျေးဇူးရှင်ပဲ”

“ဘာကျေးဇူးရှင်လဲ ရွံလွန်းလို့ပါ။ ပြောမနေပါနဲ့”

သူတို့စကား တပြောပြောနဲ့ လျှောက်လာလိုက်တာ ရွာအရှေ့ပိုင်းနဲ့ အနောက်ပိုင်း ကို စည်းခြားထားတဲ့ တံ တားလေးတောင် ရောက်နေ ပြီ။
“မိသင်း ငါ ပြောတာ ဆုံးအောင် နားထောင်ဦး၊ ပြီး မှ နင်ပြောချင်တာပြော။ အဖေ ငါတို့နဲ့ နေရင် သက်ဆိုး ရှည်မှာ မဟုတ်ဘူး။ တစ်နေ့ အရက်သုံးလုံးသောက်တဲ့ အားကနည်းလား၊ မကြာဘူး အသည်းခြောက်ပြီး သေမှာ။ ခုတော့ ဒေါ်ချိုနဲ့ရတော့ အရက်မသောက်ရတော့ဘူး။ အဖေ အသက်အများကြီး ရှည်ဦးမှာ။ ငါတို့ ထင်သလို အဖေ ပိန်သွားတာ မဟုတ် ဘူး။ ကိုယ်ရည်စစ်သွားတာ။ အရင်က ၀တာမဟုတ်ဘူး။ ဖောတာ နင် သိလား”

သင်းသင်း ဒီလောက် စဉ်းစားနိုင်တာ မဟုတ်ပါ ဘူး။ သူ သိတာ ဒေါ်ချိုဟာ သူတို့မိသားစုရဲ့ ရန်သူပဲ။ ကျေးဇူးတင်ဖို့ ဝေးစွ။
“အဖေ ကြည့်ရတာ ဒေါ်ချိုနဲ့ နေရတာ တော်တော် ပျော်နေသလိုပဲ။ အဖေ့ကို ပျော်အောင်လုပ်ပေးနိုင်တဲ့သူ ဟာ တို့ရဲ့ကျေးဇူးရှင်ပဲ”

လှကို ဘာစိတ်ကူး ပေါက်တယ် မသိပြန်ဘူး။ အရက်ပုလင်းကြီးကို အတင်း ဖွင့်နေပြန်ပါတယ်။ ပါကင် ဘူးလှလှလေးကို ချောင်းထဲ အရင်ပစ်ချလိုက်ပါတယ်။
“အစ်ကိုကြီး အရက် သောက်မလို့လား။ သောက် လည်း မသောက်ဖူးဘဲနဲ့”

အငယ်မက စိုးရိမ်စိတ်နဲ့ လှမ်းမေးလိုက်ပါတယ်။ လှကို မဖြေဘဲ သူ့ဟာသူ ဆက်လုပ်နေတယ်။ သူ လုပ် ပုံက ထူးထူးဆန်းဆန်း။
“ဘာလို့ သွန်ပစ်လိုက် တာလဲ နှမြောစရာကြီး”

“နင်တို့မိန်းကလေး တွေကတော့ နှမြောဖို့ပဲ သိ တယ်။ ဒီအရက်သောက်လို့ ရောဂါရမှာတွေ၊ ရန်ဖြစ်မှာ တွေ ထည့်မစဉ်းစားဘူး။ ငါ ပိုက်ဆံမချမ်းသာလို့ ချမ်းသာ ရင် ၀ယ်ဝယ်ပြီး သွန်ပစ်ချင် တာ”
ချောင်းလေးဟာ ရေ နည်းနေပြီဆိုပေမဲ့လည်း ဒီအရက်တစ်ပုလင်းကြောင့် တော့ သောက်မရ သုံးမရ အောင် ညစ်ညမ်းသွားမှာ မဟုတ်ပါဘူးလေ။
သွင်ဆန်းမောင်
(ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၂)





စောင့်စားသူ




လက်ဖက်ရည် ဆိုင်၌ ကျွန်မ ထိုင်နေခဲ့သည်။ ဘယ်နှခွက် မြောက်မှန်း မသိနိုင်သော ရေနွေးကြမ်းကို တဂွပ်ဂွပ်ဖြင့် မော့သောက်လျက် ဖတ်လက်စ ၀တ္ထုတို တစ်ပုဒ်ထဲမှာ မြစ်ကမ်းနံဘေးမှ သစ်ပင် စိမ်းမြသည်လည်း ကျွန်မကို မစိမ်း မြနိုင်တော့ပါ။
စားပွဲထိုးကလေးများ၏ အသံတို့သည် ကျွန်မ နားထဲ၌ ပုရစ်လေးတွေ ဆူညံနေသလို ညံစီ၍လာသည်။ ကျွန်မ စိတ်တိုလာပြီ။

နာရီကိုကြည့်တော့ ဆယ့်နှစ်နာရီပင် ခွဲတော့မည်။ ချိန်းထားသည်က ဆယ်နာရီခွဲ။ မလာတော့ဘူးဟု ထင်ကာ ကျွန်မ ထသွားခဲ့ရင်တော့ မိတ်ပျက်တော့မှာ သေချာသည်။ ဘာလို့လဲ ဆိုတော့ ကျွန်မသည် စောင့်စားခြင်းနှင့် နာမည် ကျော်လွန်းသူ ဖြစ်သည်။ ကျွန်မနှင့် ချိန်းထားပြီးသူ မှန်သမျှကို ဘယ်လောက်နောက်ကျကျ
စိတ်မဆိုးတတ်သော၊ မလာမချင်းစောင့်တတ်သော ကျွန်မ၏ ဂုဏ်ပုဒ်သည် မိတ်ဆွေများအကြား၌ ကျော်ကြားလွန်းခဲ့၏။ စာအုပ်တစ်အုပ်ကို ထိုင်ဖတ်ကာ ချိန်းထားသူ မလာမချင်း ကျွန်မက စိတ်ရှည်ရှည်နှင့် စောင့်မြဲ။

ထို့ကြောင့်လားတော့ မသိပါ။ ကျွန်မ ချစ်သူနှင့် ကျွန်မ ချစ်သူသက်တမ်း တစ်လျှောက်တွင်လည်း ကျွန်မသည်သာ စောင့်ရသူဖြစ်တော့သည်။ သူ မလာသေးလည်း ကျွန်မ စာဖတ်နေမှာပဲဟု ယုံကြည်ကာ စိတ်ထင်တိုင်းကို နောက်ကျလေတော့သည်။ ကျွန်မ ချစ်သူသာ မဟုတ်ပါ။ ကျွန်မနှင့် ပတ်သက်သော မိတ်ဆွေများ အားလုံးသည် ကျွန်မနှင့် ချိန်းတိုင်း အားလုံးနောက်ကျမှ လာတတ်ကြတော့သည်။ ကျွန်မထက် အရေးကြီးသော၊ ကျွန်မထက် စိတ်ဆတ်သော၊ ကျွန်မလောက် အချိန်မပေးနိုင်သော သူတို့ထံ အရေးတကြီး ပြေးလွှား သွားတော့သည်။ လူတစ်ယောက် ကျွန်မနှင့် ရင်းနှီး လာလေလေ ထိုလူကို စောင့်ရသည့် အချိန် ပိုကြာလာလေလေ ဖြစ်လာသော အခါ ကျွန်မ သည် လူတို့၏သဘောကို စစ်ကြော မိလာတတ်သည်။

အချိန်များစွာ ကြာအောင် တစ်နေရာတည်းမှာ ထိုင်၍ စောင့်စားရခြင်းသည် မည်မျှ ငြီးငွေ့ဖွယ် ကောင်းကြောင်းကို စောင့်ဖူးသူတိုင်း သိကြပါလိမ့်မည်။ တစ်ခါ တလေတော့ လူပီပီပင် ကျွန်မ စိတ်တို လာချင်သည်။ ထိုအခါ အမြဲတမ်း စိတ်ရှည်ရှည်နှင့် စောင့်နေသူက စိတ်တိုရပါမည်လားဟု ကျွန်မကို စိတ်ဆိုးချင်ကြပြန်သည်။ ခက်ပဲ ခက်ရချည့်ရဲ့။ တချို့ကလည်း ကျွန်မ စိတ်ရှည်ရှည်ဖြင့် စောင့်စားဖူးသူ တချို့နှင့် ကြေးတန်းတိုက်ကာ ဘယ်သူ့ကိုတော့ ဘယ် လောက်စောင့်ထားတာပဲဟု ဆိုချင်တတ် ပြန်၏။ တချို့ကတော့ စာဖတ်ပြီးနေရ တာများ စိတ်တိုနေရသေးလားဟု ဆို တတ်ပြန်သည်။

အခန်းထဲမှာ စိတ်အေးလက်အေး စာဖတ်နေရသည်နှင့် လူတစ်ယောက်ကို စောင့်နေရသည့် အချိန်မှာ စာဖတ်ရသည်က ဘယ်လိုမှ မတူနိုင်ကြောင်းကို ကျွန်မ ရှင်းမပြချင် တော့လောက်အောင် သူတို့ မေ့ချင် ယောင်ဆောင်နိုင်လွန်းလှရော။ အရိပ်မြင်တိုင်း မော့မော့ကြည့်ရသော ဒုက္ခကို မစောင့်စားဖူးသူတို့က ကိုယ်ချင်းစာနိုင်မည် မဟုတ်ပါ။

ကျွန်မသည် လူတို့၏ စကားကို ယုံကြည်တတ်သူမို့ လာမည်ဟု ဆိုသော သူကို မလာမချင်း စောင့်တတ်ခဲ့သည်။ ထိုအကျင့်သည် ကောင်းသော အကျင့်လား၊ မကောင်းသော အကျင့်လားဆို သည်ကိုတော့ အခုချိန်ထိ ကျွန်မေ၀၀ါး နေဆဲရှိပါသေးသည်။ လူတစ်ယောက်ကို မနက်မိုးလင်းကတည်းက ညနေ မိုးစုပ်စုပ်ချုပ်တဲ့အချိန်ထိ ဆယ်ကျော် သက် အရွယ်ကာလတုန်းက စောင့်ခဲ့ဖူးသည်ကို သတိရမိပြန်တော့ နှလုံးသားတို့ နာကျင် လာခဲ့ရ၏။ သူငယ်ချင်း မိန်းကလေး မိတ်ဆွေတစ်ယောက်ကို အဲဒီလောက်စောင့်တာ ရယ်စရာပဲဟု ကျွန်မကို တစ်စုံတစ်ယောက်ကများ ရယ်ပွဲ ဖွဲ့မည်လား။ လာမည်ဆိုသော စကားတစ်ခွန်းကို ယုံကြည်သူမို့ ထမ ပြန်ရက်တာ ရယ်စရာဟု ထင်ရင်လည်း ရယ်ပါစေတော့။

သို့သော် သူငယ်ချင်းက ကျွန်မကို တစ်ချက် အားနာစကား မဆိုဘဲ ဒီလောက်ထိ စောင့်တာတော့ နင် ကြောင်လွန်းတာပေါ့ဟု ရက်ရက်စက်စက် ဆိုခဲ့သည်ကိုတော့ အံသြမှင်တက်စွာ သူငယ်ချင်း မျက်နှာကို ငေးရင်း ကျွန်မ စိတ်တိုပစ်လိုက်ဖို့ မေ့လျော့ခဲ့ရ ပြန်သည်။ သူငယ်ချင်း အသိုင်းအ၀ိုင်း ကြားထဲတွင် နေကုန် စောင့်ခဲ့ဖူးသော ကျွန်မအဖြစ်သည် ရယ်စရာတဲ့လား။ တချို့ကိစ္စများသည် စိတ်တိုပစ်လိုက်ဖို့ ၏အလွန်မှာ ရှိနေသည်မို့ ကျွန်မသည် တစ်စတစ်စ အေးခဲ၍လာသော နှလုံးသားကိုသာ အလန့်တကြား သတိပြုမိ ရင်း လူတို့နှင့် တစ်စတစ်စ ကင်းကွာ ချင်လာခဲ့သည်။

စောင့်စားရခြင်း အကြောင်းကို တွေးမိပြန်တော့ ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ မစောင့်ချင်သော စောင့်ရမှာကို စိတ်မရှည်တတ်သော သူငယ်ချင်း တစ်ဦးကို သတိရမိသည်။ တစ်ရက် သူ့အမေကို ဆေးခန်း သွားပြတော့ ကျွန်မ လိုက်သွားရပါသည်။ ဆေးခန်းက စောင့်နေသူ အများကြီးကို ကျော်ကာ ဆရာဝန် လာလာချင်း သူက အရင်ဆုံး ၀င်သွားတော့သည်။ ထိုကဲ့သို့သော ကိစ္စမျိုးနှင့် ပတ်သက်လာလျှင် ညံ့ဖျင်းလွန်းသော ကျွန်မသည် သူငယ်ချင်းကို ကြည့်ကာ အံ့သြမိရသည်။ ဘွတ်ကင် ဘယ်တုန်းက ကြိုလုပ်ထားလို့လဲ ဆို သော ကျွန်မ၏ အမေးကို သူငယ်ချင်းက ဖွဖွရယ်ကာ သူ့လက်မနဲ့ လက်ညှိုးကို ကွေးကာပြရင်း “ဒါတန်ခိုးလေ”ဟု ဆိုသည်။ ကျွန်မသည် ဆေးခန်း ခုံတန်းပေါ်မှ လူအုပ်ကြီးကို မြင်ယောင်လာကာ မျက်နှာတို့ နွေးပူ လာခဲ့တော့သည်။ စောင့်စားသူတို့က စောင့်စား နေရချိန် တွင် တစ်ချက်ကလေးတောင်မှ မစောင့် စားရဘဲနှင့် ကျွန်မတို့ ရှေ့ဖြတ်ကျော် တက်သွားခွင့် ရှိသောသူတို့ လောကမှာ ရှိနေကြောင်းကို ကျွန်မ သိလာခဲ့ရပြီ။ ကျော်ဖြတ်ရက်သော လူတို့၏ ခြေထောက်များကို ကြည့်ကာ နေရာမှာပင် ကြောင်ကြောင်ရပ်ရင်း ကျွန်မ မောပန်းနာကျင် လာတတ်သည်။

စောင့်စားသူတို့ နေကုန်နေခန်း စောင့်နေရချိန်တွင် မစောင့်စားခွင့် ရသူ တချို့က ကျွန်မတို့ ရှေ့မှာပင် ဖြတ် ကျော်သွားကြသည်။ စောင့်ရမည့် အချိန် တချို့ကို တန်ခိုးအမျိုးမျိုးဖြင့် သေးကျုံ့ပစ်နိုင်စွမ်းသော လူနည်းစုကလေး ကျွန်မတို့ ရှေ့က ဖြတ်ကျော်တက်သွား ကြသည့်အခါ လူများစုကြီးခမျာ နေရာမှာပင် ရပ်တန့်၍ ငေးမောစောင့်စားနေခဲ့ ရတော့၏။ လူအများစုကြီး၏ အချိန်နှင့် တန်ဖိုးတွေကိုပါ ရက်ရက်ရောရော ပေး လိုက်ရတာပါလားဟုတွေးပြီးသည့် အခါတိုင်း ကျွန်မ သွေးတို့ နွေးပူလာမိမြဲ။

တစ်ခါတလေတော့လည်း ကျွန်မတို့သည် စောင့်စားရခြင်းများနှင့် အသား ကျခဲ့ပြီလားဟု ရှက်ရွံ့စွာ တွေးမိပြန် သည်။ စောင့်စားရခြင်းမှာလည်း စောင့် စားမှုတို့သည် တစ်ဦးနှင့် တစ်ဦးမတူ ညီလှစွာ အထူအပါးတို့ ရှိသေးကြောင်း အရွယ်ရောက်လာသည်နှင့်အမျှ နားလည်လာရတော့သည်။ ဘတ်စ်ကားဂိတ်မှာ စိတ်ရှည်ရှည်နှင့် စောင့်ကာရသည့် ကားကိုလုတက်ရင်း ကားပေါ်ရောက်တော့မှ ကားက ဂိတ်ဆုံးအထိ မသွားတော့ဘူးဟုဆိုသောအခါ ဆင်းခိုင်းသော မှတ်တိုင်မှာပင်ဆင်းရင်း နောက်လာမည့်ကားကို စိတ်ရှည်ရှည် စောင့်ရပြန်သည်။ ထိုအခါ ကားမှတ်တိုင်နှင့် မနီးမဝေးမှာ လက်တစ်ချောင်း ရှေ့ဆန့်တန်းလိုက်ရုံနှင့် တက္ကစီကားပေါ်သို့ စွေ့ခနဲ ရောက်သွားသော လူများကို ငေးမိရင်း ကျွန်မသည် စောင့်ဆိုင်းရခြင်း၏ အကွာအဝေးတို့ကို စိတ်နှလုံးတို့ အနာကျင်ခံကာ တိုင်းတာမိပြန်သည်။

စာအုပ်ဖတ်ရင်းတန်းလန်းနှင့် မီးပျက်သွားသော အခါ မီးလာမှာကို အမှောင်ထဲမှာ စောင့်ရင်း ဟိုမှဒီမှ လင်းလာသော အိမ်နား ၀န်းကျင်မှ ဖြိုးဖြိုး ဖျောက်ဖျောက် မီးပွင့်များကို ငေးမောကြည့်နေရတော့သည်။ မီးလာမှာကို အမှောင်ထဲကနေ တစ်ချက်ကလေး တောင်မှ မစောင့်စားနိုင်သူတို့၏ ဆူဆူညံညံ မီးစက်သံက သန်းခေါင်သန်းလွဲ အထိ မတိတ်နိုင်သေးသော အခါ မနက် အိပ်ရာမှ မနိုးမှာကို စိုးထိတ်ရင်းဖြင့် ဘောလုံးပွဲ ရှိသော ညတို့ မီးပျက်ဖို့ ဆုတောင်းတတ်လာသည်။ တကယ်တော့ လူတချို့၏ မစောင့်စားနိုင်ခြင်း အပေါ်မှာ လူများစွာ၏ အချိန် အပါအ၀င် ကျန်းမာရေး၊ ပညာရေး စသည်တို့ကို ကာယကံရှင်ပင် မသိလိုက်ဘဲ ပေးလိုက်ရ သည်များရှိပါသည်။ တချို့တွေ နေနိုင် ရက်လွန်းကြသည်လား။ မိုးထဲလေထဲပေမို့ နှလုံးသားတို့ သံချေးတက်တာ မြန်လွန်းသည်ထင်သည်။

ကျွန်မကို စိတ်ရှည်သော စောင့်ဆိုင်းသူဟု သူငယ်ချင်း အများစုက ထင်တတ်ကြသည်။ အမှန်တော့ စောင့်စားရ ခြင်းကို ကျွန်မ အင်မတန် မုန်းပါသည်။ သို့သော် တကယ်တော့ ကျွန်မက စောင့် စားနေရသူ တချို့၏ ငေးမောငံ့လင့်နေသော မျက်လုံး တချို့ကို မြင်ရမှာ စိုးရွံ့လွန်းသူသာဖြစ်၏။ ကျွန်မ မလာမှာကို တွေးရင်း စိုးထိတ်နေမှာကို ကျွန်မ အားနာကြောက်ရွံ့သည်။ စောင့်စား ခိုင်းရသူ ဘ၀ထက် စောင့်စားရသူ ဘ၀ကို ကျွန်မ ပို၍ လိပ်ပြာ လုံချင်သည်။ ကိုယ့် အချိန်ကို အကုန်မခံချင်သည်နှင့် သူများ အချိန်တွေကို သစ်ပင်မှ သစ်ရွက်များ ခြွေချသလိုမျိုး တလွင့်လွင့် မခြွေချရက်ပါ။ ထိုအခါ ကျွန်မသည် စိတ် အင်မတန်ရှည်သော စောင့်စားသူ ဖြစ်ရ တော့သည်။ အချိန်တော်တော်များများ ကို စောင့်စားရခြင်းဖြင့် မကုန်ဆုံးချင်သော အခါ အိတ်ထဲတွင် စာအုပ်တစ်အုပ် အမြဲပါရတော့သည်။

စာဖတ်ခြင်းဖြင့် ဘတ်စ်မှတ်တိုင်မှာ၊ စာဖတ်ခြင်းဖြင့် ဆရာဝန် မလာသေးသော ဆေးခန်းမှာ၊ စာဖတ်ခြင်းဖြင့် အစိုးရရုံးတချို့မှာ၊ စာဖတ်ခြင်းဖြင့် ဘူတာရုံမှာ၊ စာဖတ်ခြင်းဖြင့် လက်ဖက်ရည်ဆိုင်မှာ၊ စာဖတ်ခြင်းဖြင့် ဆရာမလာသေးသော စာသင်ခန်းထဲမှာ၊ စာဖတ်ခြင်းဖြင့်၊ စာဖတ်ခြင်း ဖြင့်၊ စာဖတ်ခြင်းဖြင့်  ကျွန်မသည် ကျွန်မ အင်မတန်မုန်းသော စောင့်စားရခြင်းကို စာဖတ်ခြင်းဖြင့် လှပလာအောင် အရောင်ဆိုးရင်း ခက်ခဲစွာ ကျော်ဖြတ်ခဲ့ရသည်။ သို့သော် အချိန်တို့ ကြာလာသည်နှင့်အမျှ ကျွန်မရှေ့မှ  စောင့်စားရခြင်းဆိုသော အရာသည် ပုံစံအမျိုးမျိုး ဖြင့် ကျွန်မ၏ ခံနိုင်ရည်ကို စမ်းသပ်တော့သည်။ လက်ဖက်ရည်ဆိုင်မှာ စာအုပ် တစ်အုပ်နှင့် ထိုင်စောင့် နေရသော စောင့်စားခြင်းမျိုးနှင့် မတူသော စောင့် စားခြင်း အသစ်တို့က ကျွန်မကို ဆီးကြိုနေတော့သည်။ ကွန်ပျူတာရှေ့မှာ ထိုင်ရင်း တစ်မနက်စာ ဘာမျှ မလုပ် ဖြစ်ဘဲ အချိန်ကုန်ရသည့် အခါ ကျွန်မသည် စောင့်စားရခြင်း အပေါ်မှာ ခါးသက်စ ပြုလာခဲ့သည်။

ကိုယ်တစ်ယောက်တည်းမှ မဟုတ်ဘဲကွာဟု တစ်စုံတစ်ယောက်က နှစ်သိမ့်သလို စကားဆိုတိုင်း ကွန်ပျူတာ ရှေ့မှာ အချိန်ကုန်စရာ မလိုဘဲ ခလုတ်ကလေး နှိပ်ရုံဖြင့် ဖတ်လိုရာကို ဒေါက်ခနဲ ဒေါက်ခနဲ ကျလာတတ်သော နိုင်ငံတွေ အကြောင်းကို မတွေးမိဘဲ မနေနိုင်ပြန်။ သူတို့ တော်တာ မဆန်းဘူး။ ဘာကိုပဲ လုပ်လုပ် သိပ်စောင့်စရာမှ မလိုတာဟု တွေး မိပြန်တော့ ဘာကို ၀မ်းနည်းမိမှန်းမသိကာ ၀မ်းနည်းလာပြန်သည်။ စောင့်ဆိုင်းရခြင်းသည် ကျွန်မတို့၏ ၀တ္တရားတစ်ခု ဖြစ်လာခဲ့ပြီလားဟု တွေးမိလာခဲ့ပြီ။ မစောင့်နိုင်သူတို့ မစောင့်နဲ့။ စောင့်နိုင်သူ တို့ စောင့်ကြပေါ့ဟု ဆိုရက်လေသလား ဟု တွေးထင်လာတတ်ခဲ့သည်။ တကယ်တော့ စောင့်စားရခြင်းဆိုသည်က ဘ၀ တစ်ခုစာမက ကျွန်မတို့နှင့် ရင်းနှီး ကျွမ်းဝင်ခဲ့ပြီးသား အရာပါ။

ရုပ်ရှင်ရုံရှေ့မှာ ကျွန်မတို့ တိုးဝှေ့စောင့် စားခဲ့ဖူးသည်။ ပြည်သူ့ ကုန်တိုက်ရှေ့ မှာ မျှော်လင့်တကြီး တိုးဝှေ့စောင့်စား နေခဲ့ဖူးသော လူတွေကိုလည်း မြင်ဖူးခဲ့ ပြီးပြီ။ ကွန်ပျူတာရှေ့မှာ ငြိမ်ငြိမ်သက် သက် ထိုင်စောင့်နေရသည်က တိုးဝှေ့ နေသော လူတွေထက်စာရင် ဂုဏ်သိက္ခာ ရှိသည်ပေါ့။ ဟင့်အင်း ကျွန်မတော့ မထင်မိပါ။ စောင့်စားရခြင်းသည် စောင့်စားရခြင်းသာဖြစ်သည်။ စောင့်စားရခြင်းတို့တွင်ပါသော မျှော်လင့်မှု၊ တမ်းတမှု၊ စိတ်မရှည်နိုင်မှုတို့ ရောစပ်နေသော စိတ်ချွေးစများဖြင့် တရိရိစီးကျနေသော ပင်ပန်းခြင်း တစ်မျိုးကတော့ မည်သည့်စောင့်စားမှုမျိုးမှာ မဆို အတူတူပင်ဖြစ်ပါသည်။ အမျိုး အမည် ကွဲပြားသော စောင့်စားမှုတို့က ဖြင့်ကျွန်မတို့ ရှေ့မှာ ပုံစံမျိုးစုံဖြင့် ကျွန်မ တို့ကို ဆီးကြို စောင့်မျှော်နေကြသည်။ စောင့်စားမှု ယန္တရားကြီးထဲမှာ အသား ကျနေပြီမို့ စောင့်ရခြင်းသည်လည်း ကျွန်မတို့ အတွက် မဆန်းတော့ပြီလား။ မည်သို့ပင် ဖြစ်စေကာမူ ကျွန်မတို့ စောင့်နိုင်ခဲ့ကြပါသည်။

စောင့်နိုင်လွန်းသော ကျွန်မသည် ပင် တစ်ခါလောက်တော့ဖြင့် ကျွန်မ အိတ်ထဲမှာ ဘာစာအုပ်တစ်အုပ်မျှ မထည့်ထားဘဲ လူတို့၏ ချိန်းဆိုရာ ဆီသို့ သွားချင်မိသည်။ ထိုသို့ဆိုရင် ဘယ်လောက်များ ကောင်းလိုက်မည် လဲ။ ကျွန်မအခန်းထဲက ခုတင်လေး ပေါ်မှာ လှဲလျောင်းရင်း ကျွန်မ လွတ် လပ်လုံခြုံစွာ စာဖတ်နိုင်တော့မည်ပေါ့။ မစောင့်ရသော ခေတ်ထဲမှာ လူဖြစ်ခွင့်ရခြင်း၏ သုခကို ကျွန်မသည် ကိုယ့် မြေပေါ်က ကိုယ့်လူမျိုးတို့ထံမှာ တစ်ကြိမ်လောက်ဖြစ်ဖြစ် ခံစား ရယူချင်မိသည်။ ဒါကို ကျွန်မ လောဘကြီး သည်ဟု ဆိုကြမည်လား။ လှောင်ရယ် ကြမည်လား။ ရယ်သံတွေကြားထဲမှ ကျွန်မသည် နာကျင်စွာဖြင့်ပင် မစောင့် စားရတော့မည့် အချိန်ကို စောင့်စား ရပါဦးမည်။ စောင့်ရခြင်းသည်သာ ကျွန်မတို့၏ ပြယုဂ်ဆိုရင် ထိုပြယုဂ်ကို ကျွန်မ ရဲဝံ့စွာ ငြင်းဆန်ချင်သည်။

သို့သော် စာအုပ်တစ်အုပ်ကတော့ ကျွန်မ အိတ်ထဲ တွင် အခုချိန်ထိ ငြိမ်သက်တိတ်ဆိတ် စွာ ရှိနေဆဲရှိသေးသည်။ ချိန်းထားသော လူတို့လာသည်ဖြစ်စေ၊ မလာသည် ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ကျွန်မ စောင့်နေရပါဦးမည်။ အရိပ်မြင်တိုင်း မျှော်လင့်တကြီးမော့ကြည့်ကာ ကျွန်မတို့ စောင့်နေရဦးမည်လား။ ချိန်းသူတို့ကဖြင့် နောက်ကျနေဆဲ။ ကျွန်မကတော့ ပင်ပန်း ကြီးစွာဖြင့်ပင် မျှော်လင့်တကြီး စောင့် စားနေဆဲရှိသေးသည်။
ပန်းရိပ်ဖြူ
(ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၂)

No comments:

Post a Comment